နယူးဇီလန်ရဲတပ်ဖွဲ့က ကိုကင်း ၂၅၀ ကီလိုဂရမ် သိမ်းဆည်းရမိ
အောက်တိုဘာ ၃၀
နယူးဇီလန်ရဲတပ်ဖွဲ့သည် ခန့်မှန်းခြေအားဖြင့် နယူးဇီလန်ဒေါ်လာ သန်း ၈၀ (အမေရိကန်ဒေါ်လာ ၄၅ သန်းခန့်) တန်ဖိုးရှိသော ကိုကင်း ၂၅၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်နှင့် ပူးပေါင်းစုံစမ်းစစ်ဆေးမှုတစ်ခုအပြီးတွင် အမျိုးသားငါးဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံမှလာသော သင်္ဘောကွန်တိန်နာတစ်ခုအတွင်း အိတ် ၁၀ လုံးဖြင့် ကိုကင်းကို ဝှက်ထားခဲ့ကြောင်း၊ ကွန်တိန်နာသည် Tauranga ဆိပ်ကမ်းမှတစ်ဆင့် နယူးဇီလန်သို့ ဝင်ရောက်လာခဲ့ပြီး အော့ကလန်သို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားလေးဦးကိုဖမ်းဆီးမှုများအပြီးတွင် စုံစမ်းစစ်ဆေးသူများသည် အော့ကလန်တစ်ဝန်းတွင် ရှာဖွေဝရမ်းခြောက်ခုကိုပြုလုပ်ခဲ့ပြီး လိပ်စာတစ်ခုတွင် သေနတ်လေးလက်ကို ရှာဖွေတွေ့ရှိခဲ့ကာ ပဉ္စမမြောက် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
အသက် ၂၉ နှစ်မှ ၄၁ နှစ်ကြားရှိ အမျိုးသားငါးဦးကို ကိုကင်း လက်ဝယ်ထားရှိမှု၊ သေနတ်ကိုင်ဆောင်မှုနှင့် ရာဇဝတ်ဂိုဏ်းတစ်ခုတွင်ပါဝင်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ ၎င်းတို့သည် အော့ကလန်ခရိုင်တရားရုံးတွင် တရားစွဲဆိုခံခဲ့ရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အော့ကလန်ဒေသတွင် ရဲတပ်ဖွဲ့များက ကိုကင်း ၁၃၇ ကီလိုဂရမ်ကို အောက်တိုဘာ ၂၇ ရက်နေ့က သိမ်းဆည်းရမိပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments