ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)မြို့နှင့် တောင်ကိုရီးယားနိုင်ငံအကြား လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့မည်
အောက်တိုဘာ ၂၈
ကမ္ဘောဒီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ ဆီယမ်ရိ(ပ်)ပြည်နယ် ဆီယမ်ရိ(ပ်)အန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပျံသန်းမည့် ခရီးစဉ်များ စီစဉ်ထားခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် နိုင်ငံတကာလေကြောင်းဆက်သွယ်မှုကို တိုးချဲ့လိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
Trinity Airways လေကြောင်းလိုင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားအမြင့်ဆုံးရာသီအတွင်း ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၇ ခုနှစ် မတ်လ ၃ ရက်အထိ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် (ICN) နှင့် ဆီယမ်ရိ(ပ်)အန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI) အကြား နေ့စဉ်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အရပ်ဘက်လေကြောင်း ပို့ဆောင်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံး၏ ရုံးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha က ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်များကို Boeing 737-800 လေယာဉ်များဖြင့် ပြေးဆွဲသွားမည်ဟု သိရသည်။ ယင်းလေကြောင်းဝန်ဆောင်မှုသည် ခရီးသွားလုပ်ငန်းတိုးတက်မှုနှင့် နိုင်ငံတကာလေကြောင်း ဆက်သွယ်မှုကို အထောက်အကူပြုမည်ဟု ၎င်းက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ထိုခရီးစဉ်ကြောင့် ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သို့ လာရောက်လည်ပတ်မည့် ခရီးသွားအရေအတွက် တိုးလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ အရပ်ဘက်လေကြောင်းပို့ဆောင်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံး အက်စ်အက်စ်စီအေ သည် လေကြောင်းလိုင်းများ၏ လုပ်ငန်းလည်ပတ်မှုကို အဆင်ပြေချောမွေ့စေရန်၊ ဈေးကွက် ဝင်ရောက်နိုင်မှုကို တိုးချဲ့ရန်နှင့် လေကြောင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက်ကတိပြုထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့သည်။ ယင်းလုပ်ဆောင်ချက်များသည် ဒေသတွင်းလေကြောင်းဆက်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ရာတွင်လေကြောင်းခရီးစဉ်သစ်များကြေညာလာချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ခရီးသွားကဏ္ဍ တစ်ခုလုံးသည် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည်။ အက်စ်အက်စ်စီအေ၏ မကြာသေးမီက ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံတကာလေကြောင်းခရီးသွားအရေအတွက်သည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၄ ဒသမ ၅၅ သန်းသာ ရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments