စင်ကာပူနိုင်ငံ၌ ၂၀၂၆ ခုနှစ်တွင်လျှပ်စစ်ကား EV ရောင်းအား ၃၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်း
အောက်တိုဘာ ၂
စင်ကာပူနိုင်ငံ၏ လျှပ်စစ်ကား (EV) ရောင်းအားသည် ၂၀၂၆ ခုနှစ်တွင် ၃၄ ဒသမ ၃ ရာခိုင်နှုန်း တိုးလာပြီး ကားအစီးရေ ၃၄၉၄၀ စီးအထိ ရှိလာမည်ဟု BMI Country Risk and Industry Research က ယမန်နေ့က ခန့်မှန်းထားသည်။ ထိုသို့ တိုးလာခြင်းကြောင့် EV များသည် စုစုပေါင်း ကားရောင်းအား၏ ၅၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု ဆိုသည်။
Fitch Group ၏ လုပ်ငန်းခွဲဖြစ်သည့် BMI က EV ရောင်းချမှုတိုးလာရခြင်း၏ အဓိကအကြောင်းရင်းများသည် အစိုးရ၏ အခွန်လျှော့ပေါ့မှုနှင့် အားပေးမက်လုံးများ၊ တရုတ်ပြည်မကြီးထုတ် ဈေးနှုန်းသင့်တင့်သော EV မော်ဒယ်များ ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာခြင်းနှင့်EV အားသွင်းစခန်း အခြေခံအဆောက်အအုံများ တိုးချဲ့လာခြင်းတို့ဖြစ်သည်ဟု ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် ဇွန်လအထိ အသစ်မှတ်ပုံတင်ထားသော မော်တော်ယာဉ်များအနက် EV များသည် ၇၀ ရာခိုင်နှုန်း ရှိခဲ့သည်။ BMI ၏ ခန့်မှန်းချက်အရ ယခုလို EV အသုံးပြုမှု တိုးတက်လာသည့်လမ်းကြောင်းသည် ၂၀၃၅ ခုနှစ်အထိ ဆက်လက်ရှိနေမည်ဖြစ်ပြီး မော်တော်ယာဉ်စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းခန့်သည် EV များ ဖြစ်လာနိုင်သည်ဟု သိရသည်။
BMI ၏ ပြောကြားချက်အရ အစိုးရ၏ ရက်ရောသော ထောက်ပံ့ကြေးများနှင့် အခွန်ပြန်အမ်းငွေများအပြင် ကိုယ်ပိုင်အိမ်ရာများတွင် EV အားသွင်းစက်များ တပ်ဆင်နိုင်ရန် ကူညီပေးသည့် EV Common Charger Grant ကဲ့သို့သော အစီအစဉ်များကြောင့် EV များအပေါ် ဝယ်လိုအား ဆက်လက်ကောင်းမွန်နေမည်ဟု မျှော်လင့်ရသည်။
၂၀၃၅ ခုနှစ်တွင် EV များသည် စုစုပေါင်း မော်တော်ယာဉ်ရောင်းချမှု၏ ၈၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု BMI က ခန့်မှန်းထားသည်။
၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် EV များသည် အသစ်မှတ်ပုံတင်ထားသော ကားများ၏ ၅၇ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ကားအစီးရေ ၇၆၇၉ စီး ရှိခဲ့ရာ EV ရောင်းချမှုသည် အတွင်းလောင်ကျွမ်းအင်ဂျင် (ICE) ကားများနှင့် ဟိုက်ဘရစ်ကားများ၏ ရောင်းချမှုထက် ပထမဆုံးအကြိမ် ကျော်လွန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments