ရွှေ့ပြောင်းသူများအတွက် တို့ဦးတည်၊ ရှေးဦးပြုစုခြင်းဖြင့် အမြဲကူညီ “First Aid in Migration Contexts” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
နေပြည်တော် အောက်တိုဘာ ၂
၂၀၂၆ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ရွှေ့ပြောင်းသူများအတွက် တို့ဦးတည်၊ ရှေးဦးပြုစုခြင်းဖြင့် အမြဲကူညီ “First Aid in Migration Contexts” ဆောင်ပုဒ်ဖြင့် ကျင်းပပြီးနေရာဒေသတစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းသွားလာ နေထိုင်ရသူများ၊ ခရီးသွားလာရသူများနှင့် အရေးပေါ်အခြေအနေကြောင့် နေရာရွှေ့ပြောင်းသွားလာ နေရသူများအား အထူးဦးစားပေးပြီး ၎င်းတို့၏ အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များ၊ ထိခိုက်ဒဏ်ရာရရှိမှုများကို ရှေးဦးပြုစုခြင်းဖြင့် အချိန်မီကူညီနိုင်ရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။
ကြည့်ရှုအားပေး
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် လူတိုင်းအတွက် လိုအပ်သော အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရေးကို အခြေခံထားသည့် Universal Health Coverage (UHC) ရည်မှန်း ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်းလုပ်ငန်းသည် ကျန်းမာရေးစနစ်နှင့် ရပ်ရွာလူထုအကြား အရေးပါသောပေါင်းကူးကဏ္ဍ တစ်ရပ်အဖြစ်ပါဝင်နေကြောင်း ပြောကြားပြီး ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ တံခွန်စိုက်ဆုကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် တာဝန်ရှိသူများက ရှေးဦးပြုစုခြင်းဆိုင်ရာ ထူးချွန်ဆုရရှိသူများအတွက် ဆုများကိုလည်းကောင်းပေးအပ်ကာ ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ပြခန်းငယ်နှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့၏ သရုပ်ပြခြင်းတို့ကို ကြည့်ရှု အားပေးသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de BAECQUE နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်(တာဝန်) Dr. Sara Ellithy တို့က ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြားကြသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၂၀၀၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယခုနှစ်အခမ်းအနားသည် (၂၄)ကြိမ်မြောက်အဖြစ် ကျင်းပသည့် အခမ်းအနားဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments