ပါကစ္စတန်နိုင်ငံ၌ ယခုနှစ်အတွင်း ပိုလီယိုရောဂါပိုး (WPV1) ဆဋ္ဌမမြောက်ကူးစက်မှုဖြစ်ပွား
အောက်တိုဘာ ၆
ပါကစ္စတန်နိုင်ငံ၏ ပိုလီယိုရောဂါ အမြစ်ဖြတ်ရေး အမျိုးသားအရေးပေါ်ဆောင်ရွက်ရေးစင်တာ ( (NEOC) သည် အောက်တိုဘာ ၅ ရက်နေ့က ၂၀၂၆ ခုနှစ်၏ ဆဋ္ဌမမြောက် ပိုလီယိုရောဂါဖြစ်ပွားမှုကို အတည်ပြုခဲ့ပြီး အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ခွာပြည်နယ်တွင် တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါစင်တာမှ ထုတ်ပြန်သော ကြေညာချက်အရ ကူးစက်မှုဖြစ်ပွားသူသည် ခိုင်ဘာခရိုင်မှ ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်သည်ဟု သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များက ရောဂါဖြစ်ပွားမှုမြင့်မားသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံမှုများကို ထပ်မံပြုလုပ်ရန် စီစဉ်ထားသည်။
ထိုအစီအစဉ်တွင် ပါးစပ်မှတိုက်ကျွေးသည့် ပိုလီယိုကာကွယ်ဆေး (OPV) နှင့် ထိုးဆေးဖြင့်ပေးသည့် ပိုလီယိုကာကွယ်ဆေး (IPV) များ အသုံးပြုသည့် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုများအပြင် ပုံမှန်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်များကိုလည်း ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
ယခုနှစ်အတွင်း ယင်းရောဂါဖြစ်ပွားသူခြောက်ဦးအနက် ငါးဦးသည် ခိုင်ဘာပက်တွန်ခွာပြည်နယ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထိုစင်တာကပြောကြားသည်။
၂၀၂၅ ခုနှစ်မှစ၍ ပိုလီယိုဗိုင်းရပ်စ်ကူးစက်မှုကျဆင်းသွားသော်လည်း ခိုင်ဘာပက်တွန်ခွာတွင် ကူးစက်မှုများ ဆက်လက်တည်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
ယခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိုလီယိုကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ် ၄၅ သန်းကျော်ကို အကြိမ်ကြိမ် ကာကွယ်ပေးနိုင်ခဲ့သည့်အပြင် အန္တရာယ်မြင့်မားသည့် ဒေသများတွင်လည်း ပါးစပ်မှတိုက်ကျွေးသည့် ကာကွယ်ဆေးနှင့် ထိုးဆေးကာကွယ်ဆေးများကိုအသုံးပြုကာ သီးခြားကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်း ပိုလီယိုကာကွယ်ရေး လှုပ်ရှားမှုများကို ဆက်လက်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရေးကို အားပေးမြှင့်တင်ရန်နှင့် သတင်းမှားများ ပျံ့နှံ့မှုကို တားဆီးရန် ဒေသခံလူထု၊ ဘာသာရေးခေါင်းဆောင်များနှင့် မီဒီယာများက ပူးပေါင်းကူညီပေးကြရန်လည်း ထိုစင်တာက တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments