ကမ္ဘောဒီးယားနိုင်ငံသို့ ဇန်နဝါရီမှ အောက်တိုဘာလအတွင်း နိုင်ငံတကာလေကြောင်းခရီးသည် ၅ ဒသမ ၀၂ သန်းသာရှိ၊ ၁၁ ရာခိုင်နှုန်းကျဆင်း
နိုဝင်ဘာ ၁၉
ကမ္ဘောဒီးယားနိုင်ငံ၏နိုင်ငံတကာလေကြောင်းခရီးသည်များသည် ၂၀၂၆ ခုနှစ်၏ ပထမ ၁၀ လအတွင်း ၅ ဒသမ ၀၂ သန်းသာရှိပြီး ယခင်နှစ်ကထက် ၁၁ ရာခိုင်နှုန်းကျဆင်းကြောင်း ယနေ့ထုတ်ပြန်ခဲ့သော နိုင်ငံတော်မြို့ပြလေကြောင်းဆိုင်ရာ အတွင်းဝန်ရုံး (SSCA) ၏ အစီရင်ခံစာအရ သိရသည်။
အဆိုပါကိန်းဂဏန်းများအရနိုင်ငံတကာလေကြောင်းခရီးသွားလာမှုသည် ယမန်နှစ်အလားတူ ကာလကထက် လျော့နည်းလာကြောင်း တွေ့ရသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ ပြေးဆွဲသည့် နိုင်ငံတကာလေကြောင်းခရီးစဉ် အရေအတွက်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ခရီးစဉ် ၅၁၈၆၅ ခုသာ ရှိခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင် လေကြောင်းကုန်စည်ပို့ဆောင်မှုပမာဏမှာမူ အလားတူကာလအတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း တန်ချိန် ၈၅၇၃၀ အထိ ရှိလာခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံမြို့ပြလေကြောင်းဆိုင်ရာ အတွင်းဝန်ရုံး၏ အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ ဆင်ချန်ဆရီဗူသာက ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံ၊ အရှေ့အာရှ၊ အနောက်အာရှနှင့် တောင်အာရှဒေသရှိ နိုင်ငံများနှင့် ဒေသ ၁၈ ခုအကြား လေကြောင်းခရီးစဉ်များကို လေကြောင်းလိုင်း ၃၆ ခုက ပြေးဆွဲလျက်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ လေကြောင်းလိုင်း ၃၆ ခုတွင် နိုင်ငံတကာလေကြောင်းလိုင်း ၃၂ ခုနှင့် ပြည်တွင်းလေကြောင်းလိုင်း ၄ ခု ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ နည်းပညာနှင့်သိပ္ပံတက္ကသိုလ်ရှိ တရုတ်-အာဆီယံလေ့လာရေးစင်တာ၏ ဒုတိယညွှန်ကြားရေးမှူး သောင်မန်းဒေးဗစ်က အာဆီယံနှင့် အရှေ့အာရှ၏ အဓိကဈေးကွက်များတွင် ငွေကြေးဖောင်းပွမှု မြင့်တက်နေခြင်းနှင့် စီးပွားရေးတိုးတက်မှု မညီမျှခြင်းတို့ကြောင့် အိမ်ထောင်စုများ၏ အသုံးစရိတ်ဘတ်ဂျက်များ ပိုမိုကျပ်တည်းလာကြောင်း ပြောကြားခဲ့သည်။ ယင်းအခြေအနေကြောင့် ဒေသတွင်းခရီးသွားများသည် မဖြစ်မနေသွားလာရန် မလိုအပ်သည့် အပန်းဖြေခရီးစဉ်များကို လျှော့ချလာကြသည်ဟု ၎င်းက ဆိုသည်။
ပထဝီနိုင်ငံရေးတင်းမာမှုများ၊ ကပ်ရောဂါအလွန်ကာလ ခရီးသွားလာမှုအလေ့အထများ ပြောင်းလဲလာခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများအပေါ် စိုးရိမ်မှုများ ပေါင်းစပ်ဖြစ်ပေါ်လာခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွားလုပ်ငန်း တိုးတက်မှု နှေးကွေးလာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနသို့ ၎င်းကပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments