နိုင်ငံနှင့် ပြည်သူအကျိုးပြု အမိုးတင် ဆိုလာစီမံကိန်းများ (မြန်မာ့အလင်း)
ထိုင်းနိုင်ငံတွင်
ပြည်သူ့ နေစွမ်းအင်လျှပ်စစ်စီမံကိန်းအရ အိမ်ထောင်စုတစ်စုလျှင် ဘတ် ၅၀၀၀၀
နှုန်းဖြင့် အိမ်ထောင်စုတစ်သန်းအတွက် ဆိုလာလျှပ်စစ်တပ်ဆင်ပေးရန် ဘတ် ဘီလီယံ ၅ဝ
ထောက်ပံ့ပေးမည့် အစီအစဉ်တစ်ရပ်ကို ပြီးခဲ့သည့် အောက်တိုဘာလနောက်ဆုံးပတ် အတွင်းက
ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါအစီအစဉ်အရ
အိမ်ထောင်စုများသည် ၎င်းတို့သုံးစွဲမည့် လျှပ်စစ်ဓာတ်အားကို
ကိုယ်တိုင်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများကို
အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်းသို့ ရောင်းချနိုင်ကြမည် ဖြစ်သည်။
နေအိမ်နှင့်
စက်ရုံ၊ ရုံး၊ စီးပွားရေးအဆောက်အအုံ စသည်တို့၏ ခေါင်မိုးပေါ်တွင် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစနစ်
တပ်ဆင်ထုတ်လုပ်သုံးစွဲပြီး ပိုလျှံသည့်လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်လျှပ်စစ်ဓာတ်အားလိုင်း
(National
Grid)သို့ ပြန်လည်ရောင်းချသည့်စနစ်ကို ကမ္ဘာ့နိုင်ငံ အများအပြားတွင်
တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။ ယင်းသို့ရောင်းချရာတွင်
မိမိဆိုလာမှ ထွက်ရှိသော ပိုလျှံ လျှပ်စစ်ကို အစိုးရဓာတ်အားလိုင်းထဲသို့
ပြန်သွင်းပေးပြီး မိမိသုံးစွဲသည့် ယူနစ်နှင့် ပြန်လည်ခုနှိမ်ပေးသည့်စနစ် (Net Metering)
နှင့် ဆိုလာမှ ထွက်ရှိသမျှ
ဓာတ်အားယူနစ်တိုင်းကို အစိုးရ သို့မဟုတ် လျှပ်စစ်ကုမ္ပဏီ များက သတ်မှတ်ထားသော
ဈေးနှုန်းတစ်ခုဖြင့် တိုက်ရိုက်ပြန်လည် ဝယ်ယူပေးသည့် စနစ် Feed- in
Tariff (FiT) တို့ကို အဓိကကျင့်သုံ သည်။
ထိုင်းနိုင်ငံတွင်
နေအိမ်သုံး (Residential) ဆိုလာများမှ ကိုယ်တိုင်
သုံးစွဲ၍ ပိုလျှံသော လျှပ်စစ် ယူနစ်များကို အစိုးရလျှပ်စစ်အဖွဲ့အစည်းများထံ
တစ်ယူနစ်လျှင် ၂ ဒသမ၂၀ ဘတ်နှုန်းဖြင့် ၁၀နှစ်မှ နှစ် ၂၀ စာချုပ်ချုပ်ဆို၍
ရောင်းချနိုင်သည်။ ထိုင်းနိုင်ငံ၏ နေအိမ်သုံး Rooftop Solar တပ်ဆင်နိုင်မှု ပမာဏသည် စုစုပေါင်း ၃ ဒသမ ၃ ဂီဂါဝပ် (3.3 GW/ 3300
MW) ကျော် အထိ ရောက်ရှိနေပြီဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် အိမ်သုံးဆိုလာများအတွက် Net Metering စနစ်ကို အဓိကအသုံးပြုသည်။ နေ့ဘက်တွင်ပိုလျှံ၍ Grid ထဲသို့ သွင်းလိုက်သော ယူနစ်နှင့် ညဘက်တွင်ပြန်သုံးသော ယူနစ်ကို
တိုက်ရိုက်ခုနှိမ်ပေးပြီး ပိုလျှံယူနစ်များအတွက် ပြည်နယ်အလိုက်
သတ်မှတ်နှုန်းထားဖြင့် ပြန်လည်ရှင်းပေးသည်။ အိန္ဒိယနိုင်ငံ၏ နေအိမ်သုံး Rooftop Solar
တပ်ဆင်နိုင်မှုသည် ၁၅ ဂီဂါဝပ် (15GW/15000
MW) ခန့်အထိရှိလာပြီး အိမ်ထောင်စုပေါင်း ၅ ဒသမ ၆
သန်းကျော်တွင် တပ်ဆင်ပြီးစီးထားသည်။ လက်ရှိတွင် နေအိမ်သုံး စုစုပေါင်း ၃၀ ဂီဂါဝပ်
(30
GW)ပြည့်မီရန် ရည်မှန်းချက်ဖြင့် တစ်နှစ်လျှင်
ဂီဂါဝပ်ပေါင်းများစွာ ထပ်မံတိုးချဲ့ထုတ်လုပ်ရောင်းဝယ်လျက်ရှိသည်။
မိမိတို့နိုင်ငံတွင်လည်း
အဆောက်အအုံများ၏ အမိုးပေါ်တွင် ဆိုလာ တပ်ဆင်၍ လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရောင်းချခြင်း အစီအစဉ်တွင်ပါဝင်နိုင်ပါရန် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက
နိုဝင်ဘာ ၂၁ ရက်တွင် ဖိတ်ခေါ်ထားသည်။ ယင်းနှင့်ပတ်သက်၍ ဆိုလာနှင့် ဆက်စပ်ပစ္စည်း
တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ စံသတ်မှတ်ချက်များကို လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၁
ရက်နေ့တွင် ထုတ်ပြန်ထားပြီးဖြစ်သည်။ အဆိုပါ စီမံကိန်းကိုအကောင်အထည်ဖော်ရာတွင်
နည်းပညာဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရန်၊ တပ်ဆင်ထားသော
ဆိုလာပြား၏ အပူလွန်ကဲမှုမှတစ်ဆင့် အဆောက်အအုံတွင် အန္တရာယ် မဖြစ်စေရန်၊ အဆောက်အအုံ
ပိုင်ရှင်က အရင်းအနှီး ငွေကြေးစိုက်ထုတ် သုံးစွဲရသော ဝန်ထုပ်ဝန်ပိုးမရှိစေရန်
ရင်းနှီးမြှုပ်နှံနိုင်စွမ်း ရှိသည့် ကုမ္ပဏီများက တပ်ဆင်မှု၊
ပြုပြင်ထိန်းသိမ်းမှု၊ ဓာတ်အားထုတ်လုပ်ရောင်းချမှု အားလုံးကို
တာဝန်ယူဆောင်ရွက်သွားမည်ဟု အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ပထမအဆင့်အနေဖြင့်
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ပေါ်ရှိ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဈေး စသည့်
နိုင်ငံတော်ပိုင် အဆောက်အအုံများ၊ စီးပွားရေးလုပ်ငန်းနှင့်
စက်မှုလုပ်ငန်းအဆောက်အအုံများ၏ အမိုးများပေါ်တွင် စတင်၍
တပ်ဆင်ဆောင်ရွက်စေလျက်ရှိကြောင်းသိရပြီး ဒုတိယအဆင့်တွင် လူနေအိမ် အဆောက်အအုံများတွင်ပါ
တပ်ဆင်ဆောင်ရွက်နိုင်ရေး ဆက်လက်စီစဉ် ဆောင်ရွက်သွားမည်ဟု သိရသည်။
နိုင်ငံတစ်ဝန်း
အမိုးတင် ဆိုလာစီမံကိန်းများ လျင်မြန်စွာ ပေါ်ပေါက် လာစေရေးတွင် လုပ်ငန်းရှင်များ၏
ပါဝင်ရင်းနှီးမြှုပ်နှံမှုလိုအပ်သလို အဆောက်အအုံပိုင်ရှင်များ၏ ပူးပေါင်းပါဝင်မှုလည်း
အရေးကြီးသည်။ ထို့အပြင် လုပ်ငန်းဆောင်ရွက်မည့်သူများ၏ နည်းပညာဆိုင်ရာ အာမခံ ချက်၊
အရည်အသွေးဆိုင်ရာ အာမခံချက်၊ လျှပ်စစ်အန္တရာယ်၊ မီးအန္တရာယ် စသည့်
ဘေးအန္တရာယ်ဆိုင်ရာ အာမခံချက်တို့ အပြည့်အဝပေးနိုင်ရေး သည်လည်းအရေးကြီးသည်။
အဆိုပါအာမခံချက်များအတွက် မှန်ကန် ခိုင်မာသည့် တတိယအဖွဲ့အစည်းက ပါဝင်ဆောင်ရွက်ရန်
လိုအပ်ပြီး အဆောက်အအုံပိုင်ရှင်ထံ ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန်လည်း လိုသည်။
မြန်မာနိုင်ငံသည် ဆိုလာစွမ်းအင်ထုတ်လုပ်နိုင်စွမ်း မြင့်မားသည့် အလားအလာကောင်းများရှိသည့်
နိုင်ငံဖြစ်ရာ အမိုးတင်ဆိုလာစီမံကိန်းများ အောင်မြင်သည်နှင့်အမျှ
သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချနိုင်ခြင်း၊ အဆောက်အအုံပိုင်ရှင်များ
လျှပ်စစ်မီတာခ သက်သာခြင်း၊ ပိုလျှံဓာတ်အားများ ရောင်းချနိုင်ခြင်းဖြင့်
နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ
ဖြစ်ထွန်းပါမည့် အကြောင်း။

No comments