ထိုင်းနိုင်ငံတောင်ပိုင်း၌ အဆောက်အအုံမီးလောင်မှုကြောင့် လူ ၁၁ ဦး သေဆုံး
နိုဝင်ဘာ ၁၆
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတစ်ခုတွင် ယနေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး လူပေါင်းဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုသည် ပါတွန်မြို့တွင် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မီးစတင်လောင်ကျွမ်းခဲ့သည့် အဆောက်အအုံ၏ မြေညီထပ်တွင် မော်တော်ဆိုင်ကယ်အငှားဆိုင် ဖွင့်လှစ်ထားပြီး အပေါ်ထပ်များတွင် လူနေခန်းများ ထားရှိကြောင်း ဖော်ပြထားသည်။
အနီးအနားရှိ ဆိုင်ခန်းတွဲအဆောက်အအုံများသို့ပါ မီးတောက်များ ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဒေသစံတော်ချိန် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။
ပါတွန်မြို့တော်ဝန် လာလီတာမနီးစရီက အဆောက်အအုံရှေ့ရှိ လျှပ်စစ်ဓာတ်တိုင်တွင် ဝါယာရှော့ဖြစ်ပွားရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ထိုဓာတ်တိုင်မှမီးပွားများသည် အနီးအနားတွင်ရပ်ထားသော မော်တော်ဆိုင်ကယ်များပေါ်သို့ ကျရောက်ခဲ့ပြီး မီးလောင်ကျွမ်းမှု လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူအများစုသည် မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကနဦးစစ်ဆေးမှုများအရ ဈေးဆိုင်ခန်း ရှစ်ခန်း၊ မော်တော်ဆိုင်ကယ်အစီးရေ ၁၀၀ နှင့် ကားတစ်စီး ပျက်စီးသွားကြောင်း အစိုးရအဖွဲ့ဒုတိယပြောရေးဆိုခွင့်ရှိသူ ပလွိုင်သာလေ လက်ဆာမီဆန်ချန်က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments