လုပ်ငန်းခွင်တွင် အမှန်တကယ်လုပ်နိုင်စွမ်းရှိပြီး အသုံးချနိုင်သော သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်သည့် သင်ကြားရေးမျိုးဖြစ်အောင် ဆောင်ရွက်ကြရန်လို
နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးပြီး လုပ်ငန်းခွင်တွင် အမှန်တကယ် လုပ်နိုင်စွမ်းရှိပြီး အသုံးချနိုင်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် သင်ကြားရေးမျိုးဖြစ်အောင် ဆောင်ရွက်ကြရန် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများကို တိုက်တွန်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၌ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ စစ်ကိုင်းခရိုင်အတွင်းမှ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်းမှာကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်မှ ပုံမှန်ဘွဲ့သင်တန်းများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး (HRD) သင်တန်းများဖွင့်လှစ်နိုင်မှု၊ ဘွဲ့ပေးအပ်ချီးမြှင့်နိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု၊ သုတေသနစာတမ်းများ ပြုစုဆောင်ရွက်နိုင်မှု၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေး တိုးတက်စေရေးအတွက် နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများသို့ စေလွှတ်တက်ရောက်နိုင်မှု၊ နိုင်ငံတော်သမ္မတ၏ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍနှင့် သက်ဆိုင်သည့် မိန့်ခွန်းကောက်နုတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များ၊ တက္ကသိုလ် စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများနှင့် အားကစားရုံ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ နည်းပြများ အရည်အသွေးပြည့်မီအောင် လေ့ကျင့်ရန်၊ သင်တန်းများ တတ်မြောက်အောင် သင်ကြားပေးရန်၊ ခေတ်နှင့်အညီ ဈေးကွက်ဝင်ဒီဇိုင်းများ တီထွင်ဖော်ထုတ် သင်ကြားပေးရန် မှာကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး၌ သမဝါယမအသင်းများနှင့် တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အဓိကမောင်းနှင်အား အသင်းများဖြစ်အောင် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ကြိုးစားကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments