အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ခွင့်ဆုံးရှုံး
ရန်ကုန် နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု(A) စတုတ္ထနေ့ကို
နိုဝင်ဘာ ၁၇ ရက်က ဆက်လက်ပြုလုပ်ရာ မြန်မာအသင်း သရေကျခဲ့သဖြင့် ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့သည်။
စတုတ္ထနေ့တွင် မြန်မာအသင်းနှင့်
ကမ္ဘောဒီးယားအသင်းတို့ တစ်ဂိုးစီသရေကျပြီး အင်ဒိုနီးရှားအသင်းက အာဖဂန် နစ္စတန်အသင်းကို
လေးဂိုးပြတ်အနိုင်ရရှိသည်။ မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းကို အနိုင်ကစားနိုင်ပါက
နောက်ဆုံးပွဲအထိ ခြေစစ်ပွဲအောင်မြင်ခွင့် မျှော်လင့်နိုင်မည်ဖြစ်သော်လည်း သရေကျခဲ့သဖြင့် ခြေစစ်ပွဲအောင်မြင်ခွင့်ဆုံးရှုံးခဲ့သလို
အင်ဒိုနီးရှားအသင်းမှာလည်း လက်ကျန်တစ်ပွဲအလိုတွင် စောစီးစွာ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်
ရေးမျှော်လင့်ချက်အတွက် မဖြစ်မနေ အနိုင်ရရန်လိုအပ်သဖြင့် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားရန် ကြိုးပမ်းသော်လည်း ကမ္ဘောဒီးယားအသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ သုံးပွဲဆက်အရေးနိမ့်ထားသည့် ကမ္ဘောဒီးယားအသင်း၏
မထင်မှတ် သည့်ရုန်းကန်မှုကြောင့် မြန်မာအသင်း ထင်တိုင်းမပေါက်ဖြစ်ခဲ့ပြီး ပွဲအစကိုးမိနစ်မှာပင် ဘိုသီက ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းကာ ဦးဆောင်ဂိုးရယူခဲ့သည်။
မြန်မာအသင်းသည် ချေပဂိုးရရန် တောက်လျှောက်ကြိုးပမ်းသော်လည်း
မျှော်လင့်သလို ဖြစ်မလာ ဘဲ မိနစ် ၉၀ မှ ချေပဂိုးပြန်ရခဲ့သည်။ မြန်မာအသင်းအတွက် ချေပဂိုးကို
ပြစ်ဒဏ်ဘောမှတစ်ဆင့် အသင်းခေါင်းဆောင် အောင်မြတ်သာကခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်း ချေပဂိုးရရှိမှု နောက်ကျသဖြင့် အနိုင်ဂိုးသွင်းမယူနိုင်ဘဲ တစ်ဂိုးစီသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
အုပ်စု(A)
စတုတ္ထနေ့အပြီးတွင် အင်ဒိုနီးရှားအသင်းက သုံးပွဲကစား ကိုးမှတ်၊ အာဖဂန်နစ္စတန်အသင်းက
သုံးပွဲကစား ခြောက်မှတ်၊ မြန်မာအသင်းက
သုံးပွဲကစား
လေးမှတ်၊ ဖိလစ်ပိုင်အသင်းက သုံးပွဲကစား သုံးမှတ်၊ ကမ္ဘောဒီးယားအသင်းက ပွဲကုန်လေးပွဲကစား
တစ်မှတ်ရရှိသည်။ အင်ဒိုနီးရှားအသင်းသည် မြန်မာအသင်းနှင့် ကစားရန် ကျန်သေးသော်လည်း အာဖဂန်နစ္စတန်အသင်းနှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်ရထားသဖြင့် ကိုးမှတ်စီတူညီလျှင်ပင် အသာရထားပြီးဖြစ်သောကြောင့်
နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု စည်းမျဉ်းအရ နောက်ဆုံးပွဲမတိုင်မီ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
အုပ်စု(A)
နောက်ဆုံးနေ့ကို နိုဝင်ဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌
မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ စတားစီးတီးကွင်း၌ အာဖဂန်နစ္စတန်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့
ကစားမည်ဖြစ်သည်။
သတင်း
- ကိုညီလေး၊ ဓာတ်ပုံ - MFF

No comments