တောင်ကိုရီးယားနိုင်ငံ၌ နှစ်စဉ်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်လွန်ရရှိ၊ ကမ္ဘာ့စတုတ္ထမြောက်နိုင်ငံ ဖြစ်လာ
နိုဝင်ဘာ ၁၉
ကမ္ဘာတစ်ဝန်း ဉာဏ်ရည်တုနည်းပညာ (AI) ရင်းနှီးမြှုပ်နှံမှုအရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကို အခွင့်ကောင်းယူနိုင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသည် ယနေ့တွင် ၂၀၂၆ ခုနှစ်အတွင်း စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံ (ဒေါ်လာ ဘီလီယံ ၁,၀၀၀) ကျော်လွန်ရရှိသည့် ကမ္ဘာ့စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတဝန်ကြီးဌာနကထုတ်ပြန်သည့် ပဏာမအချက်အလက်များအရ တောင်ကိုရီးယားနိုင်ငံ၏ ယခုနှစ်အစမှ လက်ရှိအချိန်အထိ စုစုပေါင်းပို့ကုန်တန်ဖိုးသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၉ မိနစ်ခန့်တွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ (ဒေါ်လာ ဘီလီယံ ၁၀၀၀) ကို ကျော်လွန်သွားခဲ့သည်။
ယင်းအောင်မြင်မှုကြောင့် အဆိုပါအာရှနိုင်ငံသည် နှစ်စဉ် ကုန်စည်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော် ရရှိခဲ့သည့် ကမ္ဘာ့စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
ယခင်က ထိုစံချိန်ကို ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုတို့က ၂၀၀၆ ခုနှစ်တွင်လည်းကောင်း၊ တရုတ်နိုင်ငံက ၂၀၀၇ ခုနှစ်တွင်လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ပို့ကုန်စံချိန်တင်အောင်မြင်မှုသည် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ၏ ဉာဏ်ရည်တုနည်းပညာ (AI) ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် Solid-State Drive (SSD) သိုလှောင်ရေးပစ္စည်းများအပေါ် ဝယ်လိုအားကို မြင့်တက်စေခဲ့ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေးတင်းမာမှုများအပါအဝင် ပြင်ပမသေချာမရေရာမှုများ ရှိနေသော်လည်း ရေနံထွက်ပစ္စည်းများ၊ သင်္ဘောတင်ပို့မှုနှင့် မျက်နှာပြင်ပြသရေးပြားများ (Display Panels) ကဲ့သို့သော ရိုးရာပို့ကုန်ထုတ်ကုန်များ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ကြောင်းနှင့် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် စိုက်ပျိုးရေးထွက်ကုန်များ၏ ပို့ကုန်တန်ဖိုးလည်း စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments