မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးစခန်းနှင့် စာတိုက်စခန်းများ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင် ကြည့်ရှုစစ်ဆေး

 



နေပြည်တော် နိုဝင်ဘာ ၉


ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင်သည် မန္တလေးမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသကြီး မန်နေဂျာရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၇ ရက်တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်မြန်မာ့စာတိုက်လုပ်ငန်းတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းများလက်ရှိ ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးစက်ခန်းများနှင့် မြန်မာ့စာတိုက်လုပ်ငန်း၏ မန္တလေးစာတိုက်ကြီးအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံဆိုက်ဘာစီးတီးသို့သွားရောက်၍ တာဝန်ရှိသူများက ရတနာပုံဆိုက်ဘာစီးတီး ဧရိယာအတွင်း အခြေခံအဆောက်အအုံများ တည်ဆောက် ထားရှိမှု၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ စီမံကိန်း၏ မူလရည်မှန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေရေး မှာကြားသည်။ ထို့နောက်ရတနာပုံ ဆိုက်ဘာစီးတီးအတွင်းရှိ အခြေခံအဆောက်အအုံများနှင့် စက်ရုံများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ပြည်ထောင်စု ဝန်ကြီးသည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ပြည်ကြီးတံခွန်ဆက် သွယ်ရေးစခန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်း၏ စာရွေးစာပို့စခန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.