နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက် လာကြစေရန်ရည်ရွယ်သည့် ဆွေးနွေးပွဲကျင်းပ



နေပြည်တော် နိုဝင်ဘာ ၇

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို အထူးအလေးထား၍ အားပေးလျက်ရှိ သည်နှင့်အညီ နိုင်ငံသားလုပ်ငန်းရှင်များကို ရေရှည်တွင် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများ၊ အဖွဲ့အစည်းကြီးများ အဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် ရည်ရွယ်ချက်ဖြင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ နိုင်ငံတော်အစိုးရအနေဖြင့် အားပေးကူညီသည့် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ Park Royal Hotel ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် အသေးစားရေအား လျှပ်စစ်စီမံကိန်းများ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းများ၊ လေအားလျှပ်စစ်စီမံကိန်းများ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ရေတိမ်ပိုင်းကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာ ဖွေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မဟာဓာတ်အားလိုင်း တည်ဆောက်သွယ်တန်းခြင်းလုပ်ငန်းများ၊ ပင်မဓာတ်အား ခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းများ၊ အမိုးတင်ဆိုလာလုပ်ငန်းများ၊ ရေပေါ်ဆိုလာ ဓာတ်အားပေးစက်ရုံများ၊ ရေစုပ်တင်သိုလှောင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ စသည့် အလုပ်အကိုင်အခွင့်အလမ်းများတွင် ရင်းနှီးမြှုပ်နှံသွားစေလိုကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် နိုင်ငံချင်းချိတ်ဆက်သည်အထိ ရည်မှန်းထားပြီး စွမ်အင်ကဏ္ဍအတွက် Energy Trading အထိ ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်မြန်မာ နိုင်ငံတော်တွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ အတွင်းရေးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးတို့မှ တာဝန်ရှိသူများ၊ လျှပ်စစ်/စွမ်းအင်ကဏ္ဍနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်းကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀၀ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.