မလေးရှားခရီးသွားဝင်ရောက်မှု မြင့်တက်လာသဖြင့် အင်ဒိုနီးရှား၏ Garuda လေကြောင်းလိုင်း ဂျကာတာ–ကွာလာလမ်ပူ လေကြောင်းခရီးစဉ်များ တိုးမြှင့်မည်



နိုဝင်ဘာ ၁၆

အင်ဒိုနီးရှားနိုင်ငံ၏အမျိုးသားလေကြောင်းလိုင်းဖြစ်သော Garuda Indonesia သည် ခရီးသွားလာမှု မြင့်တက်လာခြင်းနှင့် မလေးရှားခရီးသွားများ ဝင်ရောက်မှုတိုးလာခြင်းတို့ကြောင့် ဂျကာတာ–ကွာလာလမ်ပူ ခရီးစဉ်တွင် ပျံသန်းပြေးဆွဲမှု အကြိမ်ရေကို  ယခင် ခုနစ်ကြိမ်မှ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ သီတင်းပတ်တစ်ပတ်လျှင် ၁၁ ကြိမ်အထိ တိုးမြှင့်သွားမည်ဟု သိရသည်။

ယခုကဲ့သို့ပျံသန်းမှုအကြိမ်ရေ တိုးမြှင့်ရန်စီစဉ်ခြင်းသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်လည်ပတ်သည့် မလေးရှားခရီးသွားအရေအတွက် တိုးလာခြင်း ကြောင့်ဖြစ်ကြောင်း Garuda Indonesia ၏ ကော်ပိုရိတ်ဆက်သွယ်ရေးဌာန အကြီးအကဲ Dicky Irchamsyah က အင်ဒိုနီးရှားနိုင်ငံ စာရင်းအင်းဌာန၏ အချက်အလက်များကို ကိုးကား၍ ယနေ့တွင် ပြောကြားခဲ့သည်။


Garuda Indonesia လေကြောင်းလိုင်းသည် လက်ရှိတွင် ဂျကာတာနှင့် ကွာလာလမ်ပူအကြား နေ့စဉ် ပျံသန်းပြေးဆွဲလျက်ရှိပြီး လာမည့် ဒီဇင်ဘာလမှစတင်ကာ သီတင်းပတ်တစ်ပတ်လျှင် အသွားအပြန် ခရီးစဉ် လေးကြိမ် ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။ အဆိုပါ အပိုခရီးစဉ်များကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် ပြေးဆွဲသွားမည်ဟု သိရသည်။

ခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲခြင်းသည် အပန်းဖြေခရီးသွားများ၊ ဆေးကုသမှုဆိုင်ရာ ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးသွားများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်သည်ဟု Dicky က ပြောကြားခဲ့သည်။

ခရီးသည်များအနေဖြင့် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ထွက်ခွာမည့် လေယာဉ်ခရီးစဉ်များကို ပိုမိုရွေးချယ်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လေကြောင်းလိုင်းအနေဖြင့် ပျံသန်းပြေးဆွဲမှု အကြိမ်ရေ တိုးမြှင့်ခြင်းကြောင့် အင်ဒိုနီးရှားနှင့် မလေးရှားအကြား တိုက်ရိုက်ခရီးသည် သွားလာမှု ပိုမိုမြင့်တက်လာမည်ဟု မျှော်လင့်ထားသည်။

Garuda Indonesia ၏ လေကြောင်းကွန်ရက်ကို အသုံးပြု၍ အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ပြည်တွင်းခရီးစဉ်များသို့ ဆက်လက်ပြောင်းလဲစီးနင်းမည့် နိုင်ငံတကာခရီးသွားဧည့်သည်များကိုလည်း ပိုမိုဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.