M-League ယူ-၂၀ လူငယ်လိဂ် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်း အပြိုင်လုရမည်

 


ရန်ကုန်     နိုဝင်ဘာ    ၁၇

၂၀၂၆ M-League ယူ-၂၀ လူငယ်လိဂ် ပြိုင်ပွဲပြီးဆုံးရန်  လက်ကျန်နှစ်ပွဲသာလိုတော့ပြီး ချန်ပီယံဆုအတွက် ရန်ကုန် ယူနိုက်တက်အသင်းနှင့်  အား/ကာသိပ္ပံအသင်း အပြိုင်ဖြစ်နေသည်။

ပွဲစဉ်(၂၄) အပြီးတွင် ရမှတ် ၅၈ မှတ် ရထားသည့်  ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရမှတ် ၅၆ မှတ်ရထားသည့် အား/ကာ သိပ္ပံအသင်း မျှော်လင့်ချက်ရှိနေခြင်းဖြစ်သည်။

ယင်းနှစ်သင်းသည် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့်အပြင် နောက်ဆုံးပွဲတွင်လည်း ထိပ်တိုက်တွေ့ဆုံနေသဖြင့် ပွဲစဉ်(၂၅)တွင် နိုင်ပွဲကိုယ်စီရပါက ထိပ်တိုက်တွေ့ဆုံမည့် ပွဲစဉ်(၂၆)မှာ အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။ ပွဲစဉ်(၂၅) တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်း၊ အား/ကာသိပ္ပံအသင်းက ရန်ကုန်စီးတီးအသင်းနှင့် ကစားရမည်ဖြစ်သည်။ ရမှတ်အနေအထားအရ ပွဲစဉ်(၂၅)မှာပင် ချန်ပီယံအသင်း ထွက်ပေါ်နိုင်ခြေရှိသော်လည်း ထိပ်တိုက်တွေ့ဆုံမည့် နောက်ဆုံးပွဲမှ အဖြေထွက်ပေါ် နိုင်မည့်အနေအထားက ပိုအလေးသာနေသည်။

ဖယ်ပေးခဲ့ရ

ရန်ကုန်ယူနိုက်တက်အသင်းသည် လူငယ်လိဂ်ပြိုင်ပွဲများတွင် အောင်မြင်မှုများနှင့် ဝေးကွာနေမှုကို အဆုံးသတ်ရမည် ဖြစ်သလို အား/ကာသိပ္ပံအသင်းကလည်း ချန်ပီယံဆုအတွက် ပိုမိုအားထုတ်ရမည့်အခြေအနေဖြစ်နေသည်။ အား/ကာ သိပ္ပံအသင်းသည် အချိန်ကာလအများစု ဦးဆောင်နိုင်သော်လည်း ဒုတိယအကျော့  တစ်ဝက်ကာလတွင်  အမှတ်များဆုံးရှုံးခဲ့သဖြင့် ဦးဆောင်သူနေရာမှ ဖယ်ပေးခဲ့ရခြင်းဖြစ်သည်။

ယခုရာသီ M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲမှာ နိုဝင်ဘာ ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ချန်ပီယံဆု အဆုံးအဖြတ် ဖြစ်လာနိုင်သည့် အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်းပွဲကို နောက်ဆုံးပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - M-League

No comments

Powered by Blogger.