M-League ပွဲစဉ်(၄) ရွှေ့ဆိုင်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရ

 


ရန်ကုန်   နိုဝင်ဘာ   ၂၅

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်နှင့်  မြန်မာလိဂ်ကော်မတီတို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ   Grand  Royal M-League ပြိုင်ပွဲ ပွဲစဉ်(၄)မှ ရွှေ့ဆိုင်းထားသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြဝတီအသင်းပွဲကို နိုဝင်ဘာ ၂၅ ရက်က YUSC ကွင်း၌ ပြန်လည်ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းက သုံးဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ရွှေ့ဆိုင်းပွဲများအနက် ပွဲစဉ်(၄)မှ မြဝတီအသင်းနှင့်ပွဲတွင် အနိုင်ရခဲ့သဖြင့် ဇယား ထိပ်ဆုံးမှ ရန်ကုန်စီးတီးအသင်းကို တစ်ပွဲလျော့ နှစ်မှတ်အကွာဖြင့် ဖိအားပေးနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း ကစားပုံမှာ သာမန်သာရှိသော်လည်း ပွဲအစပိုင်းမှာပင် အဖွင့်ဂိုးရခဲ့ခြင်း၊ ကစားသမားအင်အားကွာခြားမှုတို့ကြောင့် နိုင်ပွဲတစ်ပွဲ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဒေးဗစ်ထန်၊ မောင်မောင်လွင်၊ ဇင်ညီညီအောင် (ဂိုး)၊ သန်းပိုင်၊ ဇော်ဝင်းသိန်းတို့ဖြင့် လူစုံနီးပါး ပါ၀င်ခဲ့သလို မြဝတီအသင်းကလည်း အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစရှစ်မိနစ်တွင် နောက်တန်းအစွန်လူ ဟိန်းဖြိုးဝင်း၏ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းပွဲကို မထိန်းချုပ်နိုင်သဖြင့် မြဝတီအသင်း ဖိအားပေးခြင်းခံခဲ့ရသည်။ ၇၉ မိနစ်မှ ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဂိုးရခဲ့ပြီး ပင်နယ်တီမှတစ်ဆင့် မောင်မောင်လွင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယအနိုင်ဂိုးကို ၈၇ မိနစ်တွင် သာယာဝင်းထက်က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်ကစားသမား မောင်မောင်လွင်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်းရရှိသည်။

ယခုပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်း၏ AFC Challenge League ပြိုင်ပွဲ အုပ်စုပွဲကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး ရွှေ့ဆိုင်းပွဲ နောက်တစ်ပွဲဖြစ်သည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့်ပွဲကို ဒီဇင်ဘာ ၉ ရက်တွင် ပြန်လည်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-YUFC

No comments

Powered by Blogger.