ဘဲဉ ဉနှုန်းကောင်းမွန်ပြီး ဈေးကွက်ဝယ်လိုအား ရှိနေသော်လည်း အစာဖိုးဈေးတက်နေ
ဇွန် ၂၇
ပြည်တွင်းရှိ
ဘဲမွေးမြူရေးလုပ်ငန်းများတွင် ဉစားဘဲမွေးမြူသူများအနေဖြင့် ဘဲဉ ဉနှုန်းကောင်းမွန်ပြီး
ဈေးကွက်ဝယ်လိုအား ရှိနေသော်လည်း အစာဖိုးများ ဈေးတက်နေသည့် အခက်အခဲ ကြုံတွေ့နေရကြောင်း
သိရသည်။
"အခုလက်ရှိမှာ
ဘဲဥဈေးကွက်ကတော့ မဆိုးဘူး။ ဉစားဘဲမွေးမြူတာက နေ့စဉ်ဝင်ငွေ ရရှိစေတဲ့
လုပ်ငန်းတစ်ခုလည်း ဘဲဉ ဉနှုန်းတွေကလည်း ကောင်းမွန်နေပါတယ်။ သို့သော် ဘဲအစာဈေးက
မြင့်တက်နေတယ်။ အသင့်စား အစာတောင့်တွေကတော့ (ထုတ်လုပ်တဲ့နိုင်ငံ/ ထုတ်လုပ်တဲ့ကုမ္ပဏီ/
တံဆိပ်) အများကြီး ရှိနေတာပဲ။ ကိုယ်မွေးမြူတဲ့နေရာနဲ့ နီးစပ်ရာ ဝယ်လို့လွယ်တာကိုပဲ
အဓိကထား သုံးကြတာပါ။ ဘဲစာက နေ့စဉ်ကျွေးရပါတယ်။ တစ်နေ့ဘယ်နှကြိမ် ကျွေးပေးရမလဲ
ဆိုတာကတော့ ကိုယ်ကျွေးတဲ့အစာ အမျိုးအစားပေါ်လည်း မူတည်ပါတယ်" ဟု
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှ ဘဲမွေးမြူရေးလုပ်ကိုင်သူ ကိုအောင်ကိုဦးက
ပြောသည်။
ဘဲစာကျွေးမွေးရာတွင်
အသင့်ကျွေးစာနှင့် ရောစပ်ကျွေးစာ ဟူ၍ (၂) မျိုးရှိပြီး၊ အသင့်ကျွေးစာကို
ဝယ်ယူကျွေးမွေးပါက အစာဖိုးအားဖြင့် တစ်ပိဿာလျှင် ငွေ (၁၀၀၀) ကျပ် ဝန်းကျင်
ကုန်ကျနိုင်ကြောင်း သိရသည်။
"ကျွန်တော်ကတော့
ရောစပ်စာပဲ ကျွေးပါတယ်။ ရောစပ်စာနဲ့ ကျွေးမွေးမယ်ဆိုရင် အစာဖိုး တစ်ပိဿာကို
ရှစ်ရာကျပ်လောက်ပဲ ကုန်ကျတယ်။ အသင့်ကျွေးစာကတော့ ကုမ္ပဏီတွေက
အစာဖြုန်းအားပေါ် မူတည်ပြီး ဈေးနှုန်းလည်း ကွာကြတာများတယ်။ ကိုယ့်နိုင်ငံအနေနဲ့က
ကုန်ကြမ်း အလွယ်တကူ ဝယ်ရနေတာပဲဆိုတော့ ရောစပ်စာကျွေးမွေးရတာ အဆင်ပြေပါတယ်။ အစာဝယ်
အစာစပ်ရတာလေးပဲ အလုပ်ကရှိတာလေ။ ရာသီပေါ် မိမိဒေသထွက်ကုန်ကြမ်းကို ဈေးအသင့်အတင့်နဲ့
ရရင်တော့ ရောစပ်စာကျွေးတာက သင့်တော်တယ်။ ကုန်ကြမ်းဝယ်ရခက်ခဲပြီး ဈေးကြီးတဲ့
အရပ်ဒေသက ဘဲမွေးမြူသူဆိုရင်တော့ အသင့်ကျွေးစာကို ကျွေးသင့်ပါတယ်။ တချို့ဒေသတွေက
မလွယ်ကူကြဘူး။ လမ်းပန်းဆက်သွယ်ရေးတို့ ကုန်ကြမ်းမထွက်တာတို့ ရှိနိုင်တာပေါ့"ဟု
ကိုအောင်ကိုဦးက ဆက်လက်ပြောသည်။
ရောစပ်စာ
ကျွေးမွေးရာတွင် ထည့်သွင်းရသည့် အစာကုန်ကြမ်းများမှာ ဆန်ကွဲ(ဇကွဲ)၊ ဖွဲနု၊ ပြောင်း
စသည့်တို့ဖြစ်ပြီး ရာသီပေါ် ကုန်ကြမ်းများကို ကုန်ကြမ်းဈေး အတက်အကျအလိုက် ချိန်ဆ ကျွေးမွေးသင့်ကြောင်း
သိရသည်။
နန်းထက်ထက်ချစ်


No comments