ကိုဗစ်-၁၉ ရောဂါ ပြည်ပမှတစ်ဆင့် ကူးစက်မှုမဖြစ်ပေါ်ရေး ကော့သောင်းမြို့တွင် နေရပ်ပြန် မြန်မာသင်္ဘောသားများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ
ကော့သောင်း၊ ဇွန် ၂၇
ကူးစက်မှုပြန်လည် ဖြစ်ပေါ်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုအပြင်
ပြည်ပမှ ကူးစက်မှုများ မဖြစ်ပေါ်လာစေရေး
ဇွန် ၂၆ ရက် ညနေပိုင်းက
တာဝန်ပြီးဆုံး၍ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာသင်္ဘောသားများအား
ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိကြောင်း သိရသည်။
နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်မည့်
သင်္ဘောသားများအား ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း
Crew Change ပြုလုပ်သည့် လုပ်ငန်းများပုံမှန်
ဆောင်ရွက်လျက် ရှိရာ အဆိုပါနေ့ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည့်
MV.MODERN LINK သင်္ဘောပေါ်တွင်
တာဝန်ထမ်းဆောင်ခဲ့ပြီး Sign off ထွက်လာသည့် ကပ္ပတိန် ဦးဝဏ္ဏတင့်ဝေနှင့်အတူ သင်္ဘောသား (၂၃) ဦး မြန်မာနိုင်ငံ
ကော့သောင်းဆိပ်ကမ်းသို့ ဝင်ရောက်လာရာ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက လိုအပ်သည့်
စစ်ဆေးမှုများ ကြပ်မတ်ဆောင်ရွက်ကာ
ကိုဗစ်-၁၉ ရောဂါ ပြည်ပမှတစ်ဆင့် ဝင်ရောက်ကူးစက်မှု မဖြစ်ပေါ်စေရေး ကော့သောင်းမြို့တွင် Hotel Quarantine (၁၄) ရက် ထားရှိစောင့်ကြည့်မှု ခံယူကြမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့အနေဖြင့် ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှု အသွင်ဖြင့်
ရောဂါပိုးရှိသူများအား
နေ့စဉ်နီးပါး စစ်ဆေးပေါ်ပေါက်လျက်ရှိပြီး
ယခင်ကာလများက ပြည်ပမှဝင်ရောက်လာသည့်
မြန်မာ သင်္ဘောသားများထံမှလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ပေါ်ပေါက်ခဲ့ဖူးသဖြင့်
ပြည်ပကူးစက်မှုများ ထပ်မံမပေါ်ပေါက်စေရန်
ကျန်းမာရေးဌာနအပါအဝင်
ဒေသတာဝန်ရှိ အဖွဲ့အစည်းများက ရောဂါထိန်းချုပ်ရေး
ယခုကဲ့သို့ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား
အထူးသတိပြုကြပ်မတ်စစ်ဆေး
စောင့်ကြည့်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
ကျော်စိုး(ကော့သောင်း)



No comments