ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ တစ်ဦးသေဆုံး
ကျွန်းစု ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌
ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ
ငါးဦးရှိသည့်အနက် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့ပေါ်ရှိ ပြည်သူ့ဆောက်လုပ်ရေး ဝန်ထမ်းအိမ်ရာနေ အမျိုးသားတစ်ဦးသည် ဇူလိုင်
၁၇ ရက် ညနေပိုင်းက ဖျားနာသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ
ကိုဗစ် - ၁၉ ရောဂါ သံသယဖြစ်ဖွယ်လက္ခဏာများ တွေ့ရှိရသဖြင့် ကျွန်းစုမြို့နယ်
ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid
Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉
ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသူနှင့် ဆက်စပ်သူ သုံးဦးအား ထပ်မံစစ်ဆေးခဲ့ရာ
ရောဂါပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိသူ စုစုပေါင်း လေးဦးအား ကျွန်းစုပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ သီးခြား စောင့်ကြည့်ဆောင်တွင်
ထားရှိ၍ ဆေးဝါးကုသ ပေးလျက်ရှိပြီး ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ကမ်းကြီးကျေးရွာနေ အမျိုးသားတစ်ဦးသည်
ဖျားနာမောပန်းနေသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ကိုဗစ်-၁၉
ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ရာမှ နာရီအနည်းငယ်ကြာတွင် သေဆုံးသွားခဲ့ကြောင်း
သိရသည်။
ကျွန်းစုမြို့တွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၀ ဦးရှိပြီး
တစ်ဦးသေဆုံးခဲ့ရာ ပိုးတွေ့ သေဆုံးသူအား မြေမြုပ်သင်္ဂြိုဟ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး
ဆက်စပ်သူများအား Quarantine Centre သို့ ပို့ဆောင်၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း
သိရသည်။
စည်သူရအောင်(ကျွန်းစု)

No comments