သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄ ဦးအထိရှိလာ
သုံးခွ ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး
သုံးခွမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများအား RDT
Test Kit ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ ဇူလိုင် ၁၀
ရက်ထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာ ၅၄ ဦး တွေ့ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ပိုးတွေ့လူနာများအား
သုံးခွမြို့ပြည်သူ့ဆေးရုံရှိ Isolation Ward သီးသန့်ဆောင်နှင့်
အမှတ် (၂) ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတို့တွင်
ထားရှိကာ လိုအပ်သော ဆေးဝါးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရှိရသည်။
မြို့နယ် ကိုဗစ်-၁၉
ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များကလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး
ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ သံသယလက္ခဏာများ ဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ သွားရောက်ပြရန်
လိုအပ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူးက ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီက ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသဖြင့်
အချိန်မီ ထိန်းချုပ်ကာကွယ် တားဆီးနိုင်စေရန် စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခြင်းအစား
ပါဆယ်စနစ်ဖြင့်သာ ဆောင်ရွက်ရန်၊ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား အထူးတိကျစွာ
လိုက်နာဆောင်ရွက်ရန်၊ နေ့စဉ်မရှိမဖြစ် အသုံးလိုသော စားသောက်ကုန်ပစ္စည်းများ
ရောင်းချသည့်ဆိုင်များကိုသာ ခွင့်ပြု၍ အခြားပစ္စည်းရောင်းချသည့်ဆိုင်များ ယာယီပိတ်ထားမည်ဖြစ်ကြောင်း
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှက
ပြောကြားခဲ့သည်။
ကိုကျော် (သုံးခွ)

No comments