အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်နေ

 



ဩဂုတ် ၁၅

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို စက်တင်ဘာတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပထမဆုံးပြိုင်ပွဲအဖြစ် အာဆီယံဖူဆယ်ကလပ် ပြိုင်ပွဲပြုလုပ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာဖူဆယ်ကလပ်အသင်းများ ပုံမှန်ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲလည်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင်စတင်ကျင်းပခဲ့ပြီး နှစ်စဉ်ပြုလုပ်နေသည့် ပြိုင်ပွဲဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်တွင် ကပ်ရောဂါကြောင့် ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။ ကျင်းပပြီးစီးခဲ့သည့် ငါးကြိမ်တွင် မြန်မာဖူဆယ်ကလပ်များဖြစ်သည့် MIU အသင်း (ယခင် MIC အသင်း) က လေးကြိမ်နှင့် PU အသင်းက တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ MIU အသင်းသည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ လေးကြိမ်စလုံး တတိယဆုရခဲ့ပြီး ၂၀၁၇ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သော PU အသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ကျင်းပပြီးစီးခဲ့သည့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ ငါးကြိမ်စလုံးတွင် ထိုင်းကလပ်အသင်းများကသာ ဗိုလ်စွဲထားသည်။ ယင်းပြိုင်ပွဲမှာ မြန်မာကလပ်များ နှစ်စဉ်ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲဖြစ်သော်လည်း ကပ်ရောဂါကြောင့် ကာလရှည်လေ့ကျင့်မှုရပ်နားထားရသြဖင့် ယခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းရှိမရှိ မသေချာသေးကြောင်း သိရသည်။

မြန်မာဖူဆယ်ကလပ်အသင်းများသည် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပြီးဆုံးသည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီကတည်းက လေ့ကျင့်မှုရပ်နားသလို နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် တစ်နှစ်ကျော်ကြာ လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာဖူဆယ်ကလပ်အသင်းများအနြေဖင့် ယခုနှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မသေချာသေးဘဲ ယှဉ်ပြိုင်ဖြစ်ပါက နောက်ဆုံး ဖူဆယ်လိဂ်ချန်ပီယံအသင်းဖြစ်သော MIU အသင်းက ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲကိုးခုပြုလုပ်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါကြောင့် နောက်ဆုတ်ထားရပြီး စက်တင်ဘာတွင် စတင်ပြုလုပ်ရန် ကြိုးပမ်းနေကာ ယင်းပြိုင်ပွဲအပေါ်မူတည်၍ နောက်ထပ်ပြိုင်ပွဲများ ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။  အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် ဘောလုံး၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲများပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သတင်း-ရဲရင့်လွင်

No comments

Powered by Blogger.