အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို စက်တင်ဘာတွင်ပြုလုပ်ရန် အာဆီယံဘောလုံးအဖွဲ့ချုပ် စီစဉ်
ဩဂုတ် ၁၅
ကိုဗစ်-၁၉
ကပ်ရောဂါကြောင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို စက်တင်ဘာတွင်
ပြန်လည်ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁
ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး
အုပ်စုမဲခွဲပွဲကို ယခင်က သြဂုတ် ၁၀ ရက်တွင် စင်ကာပူနိုင်ငံ၌ပြုလုပ်ရန်
စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို
နှစ်ကုန်ပိုင်းတွင်ပြုလုပ်ရန် စီစဉ်ထားသဖြင့် အာဆီယံဘောလုံးအဖွဲ့ချုပ်သည်
အုပ်စုမဲခွဲပွဲကို စက်တင်ဘာတွင်ပြုလုပ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကပ်ရောဂါအခြေအနေအပေါ်မူတည်၍ ယခုနှစ်အတွင်း
ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲကို
စက်တင်ဘာနှင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာတွင် ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲမှာ
မြန်မာ့လက်ရွေးစင်အသင်း ပုံမှန်ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲဖြစ်ပြီး ၁၂ ကြိမ်စလုံး
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကျင်းပပြီးစီးခဲ့သည့် ၁၂
ကြိမ်တွင် အမြင့်ဆုံးရပ်တည်မှုအဖြစ် ဆီမီးဖိုင်နယ်သို့ နှစ်ကြိမ် တက်ရောက်ခဲ့သည်။
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို
ပုံမှန်အရ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပရမည် ဖြစ်သော်လည်း ကပ်ရောဂါကြောင့်
ယခုနှစ်သို့ရွှေ့ဆိုင်းခဲ့ရပြီး ယခုနှစ် ဧပြီတွင် ကျင်းပရန် လျာထားသော်လည်း
ကျင်းပရန်မဖြစ်နိုင်သဖြင့် နှစ်ကုန်ပိုင်းသို့ ထပ်မံရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။
သတင်း-ရဲရင့်လွင်

No comments