ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ကြည့်ရှုစစ်ဆေး
နေပြည်တော်
နိုဝင်ဘာ ၇
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့တွင်
ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ရွှေရတု အထိမ်းအမှတ် ခန်းမဆောင်တွင် ကျောင်းအုပ်ဆရာမကြီးနှင့်
ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ၊ ကျောင်းစီမံအုပ်ချုပ်ရေး ဝန်ထမ်းများကို တွေ့ဆုံအမှာစကား
ပြောကြား၍ ဆန်၊ ဆီ နှင့် စား သောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက်
စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အစောဆုံး (၁၉၂၄)
ခုနှစ်က တည်ဆောက်ခဲ့သည့် နှစ်တစ်ရာနီးပါး သက်တမ်းရှိ ရှေးဟောင်း ကျောင်းအဆောက်အအုံများ
ထိန်းသိမ်းရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆိုင်ရာများကိုလည်းကောင်း၊
စိုက်ပျိုးရေးသိပ္ပံကျောင်း စာကြည့်တိုက်များ အဆင့်မြှင့်တင်ရေး၊ စိုက်ပျိုးရေးတက္ကသိုလ်
၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များရှိ စာကြည့်တိုက် ကွန်ယက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရေး၊
စိုက်ပျိုးရေး သိပ္ပံကျောင်းများ အချင်းချင်းအကြား အသိပညာ နည်းပညာဖလှယ်ရေး အင်တာနက်ကွန်ယက်
ချိတ်ဆက်ရေးဆိုင်ရာများကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ရာများတွင် အာဟာရပြည့်ဝရေးနှင့် မိသားစုဝင်ငွေ
ရရှိရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်ရေး အားပေးကူညီ
ဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း၊ ဆောက်လုပ်ဆဲ ဝန်ထမ်းအိမ်ရာများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ
ဆောက်လုပ်ပြီးစီးရေးကိုလည်းကောင်း ဆွေးနွေး မှာကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လာမည့် စာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်း
တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော မွေးမြူရေးပညာ စာသင်ဆောင်၊ ဓါတ်ခွဲခန်း၊
လက်တွေ့သင်တန်း အထောက်အကူပြု အဆောက်အအုံများ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး
ကြည့်ရှုရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ်
ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ
ပြီးစီးရေး၊ ငွေစာရင်းဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆောင်ရွက်ရေး၊ ကျောင်းဖွင့်ရာသီအမီ ဆောင်ရွက်ရမည့် အကြိုလုပ်ငန်းများ စနစ်တကျ ရေးဆွဲချမှတ်
ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့်
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ GAP ဟင်းသီးဟင်းရွက်
စံပြစိုက်ခင်းသို့ ရောက်ရှိကြပြီး ဒေသနေပြည်သူများ ပုဂ္ဂလိကများကို နည်းပညာပေး ဆောင်ရွက်နေမှုများကို
ကြည့်ရှုစစ်ဆေးသည်။
မြန်မာနိုင်ငံတွင်
စိုက်ပျိုးရေးတက္ကသိုလ်တစ်ခု၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တစ်ခု ရှိပြီး၊ စိုက်ပျိုးရေးသိပ္ပံကျောင်း
(၁၅) ကျောင်း ကို တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည်။ ယခုအခါ မွေးမြူရေး
ကဏ္ဍတွင် လိုအပ်လျက် ရှိနေသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်သူများ သင်ကြားလေ့ကျင့်
မွေးထုတ် ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး သိပ္ပံကျောင်းများတွင်
ယခုနှစ် ကျောင်းဖွင့်ရာသီမှ စတင်၍ မွေးမြူရေးဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး
ဆောင်ရွက်လျက်ရှိပြီး စက်မှုလယ်ယာ ဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း မျှော်မှန်းဆောင်ရွက်လျက် ရှိနေကြောင်း၊ လက်တွေ့အသုံးချ
ပညာရပ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များအဖြစ် အသုံးပြု လုပ်ကိုင်နိုင်ကြခြင်းဖြင့် လူငယ်များအတွက်
အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးသာမက
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ကိုယ်တိုင်လုပ်ကိုင်ကြမည့် လယ်ယာစီးပွား လုပ်ငန်းရှင်များ
ပေါ်ထွက်လာခြင်းကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းမွန်လာစေရန်
ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments