တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လေးသန်း doses (ဆဋ္ဌမအသုတ်) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ
နေပြည်တော် နိုဝင်ဘာ ၇
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်
တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍
ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm
အမှတ်တံဆိပ် ကာကွယ်ဆေး ၂၄ သန်း dosesကို စာချုပ်ချုပ်ဆို ဝယ်ယူထားသည့်အနက် နောက်ဆုံးအသုတ်
(ဆဋ္ဌမအသုတ်) အဖြစ် ကာကွယ်ဆေး လေးသန်း doses သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
ယနေ့ ည ၈ နာရီ မိနစ် ၂၀ တွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဦးဆောင်သည့်အဖွဲ့က လက်ခံခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူ ထားသည့် Sinopham အမှတ်တံဆိပ်
ကာကွယ်ဆေး စုစုပေါင်း ၂၄ သန်း doses သည် ခြောက်ကြိမ်ခွဲ၍ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထပ်မံရောက်ရှိလာသည့်
ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှ
လည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ
လည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်သည်။
ယခုရောက်ရှိလာသော ကာကွယ်ဆေးများနှင့် ယခင်လက်ကျန်ရှိသော ကာကွယ်ဆေးများကို
အသုံးပြု၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရည်မှန်း ဦးတည်အုပ်စုများ၏ ၅၀ ရာခိုင်နှုန်းခန့်ကို
ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပေးသွားမည်ဖြစ်သည်။ ထို့အပြင် ကာကွယ်ဆေးထိုးနှံရန်
ကျန်ရှိသည့် ပြည်သူများအတွက်လည်း ကာကွယ်ဆေးများ ထပ်မံ၍ ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်
များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ
နိုဝင်ဘာ ၆ ရက်အထိ လူဦးရေစုစုပေါင်း ၁၃ ဒသမ ၉ သန်းကို ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်
အပြည့် ထိုးနှံပြီးစီးသူ ၈ ဒသမ၂၄ သန်း နှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၅ ဒသမ ၆၅ သန်း
ရှိပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ နိုဝင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
အကြိမ်ရေ စုစုပေါင်း ၂၂ ဒသမ ၁၅ သန်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ မိဘပြည်သူများအနေဖြင့်
မိမိ အတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊
ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို
သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုး
စုရပ်များသို့ သွားရောက်၍ ထိုးနှံမှု ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်
တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။
သတင်းစဉ်
No comments