(၄၇)ကြိမ်မြောက် အာခါတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်၊ အာခါအမျိုးသားနေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲကျင်းပ
ကျိုင်းတုံ ဒီဇင်ဘာ ၂၉
အာခါတိုင်းရင်းသားတို့၏ (၄၇)ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော်နှင့် အာခါအမျိုးသားနေ့ အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲကို ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက ကျိုင်းတုံမြို့၊ (၁)ရပ်ကွက်၊ ကောင်းကန်ရပ်ရှိ အမေ့ရင်ခွင်ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် အာခါအမျိုးသားအလံအား အလေးပြုကြပြီး အာခါအမျိုးသားသီချင်းကို သီဆိုသည်။ ဆက်လက်၍ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းမှူးနှင့် ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရဲနိုင်တို့က ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံ အလှူငွေ ကျပ် ၅ သိန်း ပေးအပ်သည်။
ဆက်လက်၍ ပွဲဖြစ်မြောက်ရေးကော်မတီ နာယက ဦးမင်းညိုက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းကျော်က အာခါတိုင်ရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ ဥက္ကဋ္ဌထံမှ ပေးပို့သည့် အာခါအမျိုးသားနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် တက်ရောက် လာသူများအား အာခါရိုးရာညစာဖြင့် တည်ခင်းပြီး အခါတိုင်းရင်းသား လူငယ်မောင်မယ်များက အကအလှ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်သည်။
"အာခါတိုင်းရင်းသားများသည် နေထိုင်ရာဒေသအလိုက် ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှု ကွဲပြားသော်လည်း အမြင့်မြတ်ဆုံးဖြစ်သော မျိုးရိုးအစဉ်အဆက် အခေါ်အဝေါ် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ဘာသာ စကား တစ်ခုတည်းကိုသာ အလေးအမြတ်ထား လိုက်နာကျင့်သုံးလျက်ရှိပြီး ထိုအစဉ်အလာကို စဉ်ဆက်မပျက် ဆက်လက် ထိန်းသိမ်းသွားကြရန် တိုက်တွန်းအပ်ကြောင်းနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်သော အာခါတိုင်းရင်းသားလူမျိုးများ ဖြစ်ပါစေကြောင်း" အခါအမျိုးသားနေ့ သဝဏ်လွှာ၌ ပါရှိကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)
No comments