မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံ ယူ-၂၃ ပြိုင်ပွဲ အုပ်စုမဲခွဲ
ရန်ကုန် ဒီဇင်ဘာ
၃၀
အာဆီယံဘောလုံးအဖွဲ့ချုပ်သည်
၂၀၂၂ အာဆီယံ ယူ-၂၃ ပြိုင်ပွဲအုပ်စုမဲခွဲပွဲကို ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သည်။
ယင်းပြိုင်ပွဲတွင် မြန်မာအသင်းဝင်ရောက်
ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုအသင်းတို့နှင့်
ကျရောက်ခဲ့သည်။ အုပ်စုခွဲဝေမှုအရ အခြားအုပ်စုများ ဖြစ်သည့် အုပ်စု (က) တွင် အိမ်ရှင်
ကမ္ဘောဒီးယား၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အုပ်စု (ဂ)တွင် ထိုင်း၊ ဗီယက်နမ်နှင့်
စင်ကာပူအသင်းတို့ ပါဝင်နေသည်။ အုပ်စုအနေအထားအရ အိမ်ရှင် ကမ္ဘောဒီးယား အသင်းသည် အုပ်စုချောင်နေပြီး
ကျန်နှစ်အုပ်စုမှာမူ အုပ်စုကျပ်နေသည်။
မြန်မာအသင်းသည် နောက်တစ်ဆင့်
တက်ရောက်ရန်အတွက် ရုန်းကန်ရဖွယ်ရှိနေပြီး အင်ဒိုနီးရှား၊ မလေးရှားအသင်းတို့နှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။
မြန်မာအသင်းသည် ဇန်နဝါရီလတွင် စတင်ပြင်ဆင်မည်ဖြစ်ပြီး အာဆီယံ ယူ-၂၃ ပြိုင်ပွဲပြီးပါက
မေလတွင်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်ရမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည်
ယင်းပြိုင်ပွဲကို သုံးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀၀၅ နှင့် ၂၀၁၉ နောက်ပိုင်း
တစ်ကျော့ပြန် ကျင်းပခြင်းဖြစ်သည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ်မှစတင်ကာ
နှစ်စဉ်ကျင်းပနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ နှင့် ၂၀၂၁
ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄
ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-AFF
No comments