အမေရိကန်၌ တစ်ပတ်အတွင်း နေ့စဉ်ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်ရှိပြီး လေကြောင်းခရီးစဉ် ၃၀၀၀ ကျော်ဖျက်သိမ်းခဲ့ရ
ဝါရှင်တန် ဒီဇင်ဘာ ၂၉
အမေရိကန်နိုင်ငံ၌ ဒီဇင်ဘာ
၂၇ ရက်အထိ တစ်ပတ်တာ ကာလအတွင်း နေ့စဉ်ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၆၅၀၀ ရှိကြောင်း
အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
အထူးသဖြင့် အမေရိကန်နိုင်ငံ
အရှေ့ပိုင်းနှင့် အနောက်အလယ်ပိုင်းပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု သိသိသာသာ
မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နယူးယောက်ပြည်နယ် တစ်ခုတည်းမှာပင် ဒီဇင်ဘာ ၂၆
ရက်တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၉၇၀၈ ဦးရှိကြောင်း သိရသည်။
ယင်းသို့အမေရိကန်နိုင်ငံ၌
အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခြင်းနှင့်အတူခရစ္စမတ် ကာလအတွင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်ခြင်း၊ ဝန်ထမ်းအင်အား လျော့နည်းမှုများဖြစ်ပေါ်ခဲ့ခြင်း
တို့ကြောင့် လေကြောင်းခရီးစဉ် အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ အမေရိကန်
မီဒီယာများ၏ ဖော်ပြချက်အရ ခရစ္စမတ်အားလပ်ရက်များအတွင်း လေကြောင်းခရီးစဉ် ၃၀၀၀ ကျော်
ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
အချို့သော လေကြောင်းခရီးစဉ်များ
ဖျက်သိမ်းရခြင်းသည် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ကြောင်းနှင့် တချို့သော လေကြောင်းခရီးစဉ်များမှာမူ
လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ဝန်ထမ်းအင်အား
မလုံလောက်မှုကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်
No comments