နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

 






ရန်ကုန်   ဒီဇင်ဘာ   ၂၉


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ် ထိုးနှံပေးခဲ့သည်။


“ကျွန်မတို့လို အကြားအာရုံချို့တဲ့ တဲ့ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင်လို့ ကာကွယ်ဆေး ထိုးနှံပေးတဲ့အပေါ် အရမ်းကို အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ နိုင်ငံ့အကြီးအကဲ များနှင့် ဒီမှာ လာရောက်ထိုးနှံပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ကျွန်မတို့ အနေနဲ့လည်း အခုလို ထိုးနှံထားခြင်းအားဖြင့် တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ကိုယ့်ကိုယ်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်” ဟု ဆေးလာရောက်ထိုးနှံသူ ကျောင်းသူတစ်ဦးက လက်သင်္ကေတ ဘာသာစကားဖြင့် ပြောပြသည်။


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)ကို ၂၀၁၄ ခုနှစ် ဇွန် ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား ၁၅ ဦးနှင့် ကျောင်းသူ ၁၃ ဦး စုစုပေါင်း ၂၈ ဦးကို ပညာသင်ကြားပေးလျက်ရှိသည်။ အဆိုပါ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၁၁ ဦးကို နိုဝင်ဘာ ၃၀ ရက်က ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ယခုအခါ အဆိုပါ ကျောင်းသား ကျောင်းသူများကို ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။


နိုင်လင်းအောင်(ပြန်/ဆက်)

No comments

Powered by Blogger.