မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ၌ ဧက ၆၀၀ ‌ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်


မော်လမြိုင်   ဒီဇင်ဘာ   ၃၁


မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရိုးဂိုးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ယနေ့ နံနက် ၉ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦး၊ မော်လမြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းစိုးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များနှင့်အတူ ရိုးဂိုးကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုဆွေးနွေးမှာကြား ပါသည်။  


အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း  ၇ ဒသမ ၇၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မထု မြေသား၊ ဂဝံခင်းခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဘက်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၉၈ ဒသမ ၄၀၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကတာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊  ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်းသည် ကျေးရွာရှိ အိမ်ခြေ(၃၁၈)အိမ်၊ လူဦးရေ(၁၅၂၈)ဦးတို့၏ လယ်ယာထုတ်ကုန်ဧက(၆၀၀) ကျော် အကျိုးပြုမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းစိုးထံမှ သိရသည်။

စိုးမိုးကျော်

No comments

Powered by Blogger.