ဂျပန်နိုင်ငံရှိ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်

 

တိုကျို ဇန်နဝါရီ ၂

ဂျပန်နိုင်ငံရှိ အသက်ငါးနှစ်မှ ၁၁ နှစ် အရွယ်အတွင်းရှိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ပြောကြားသည်။

အဆိုပါ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အမေရိကန်ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသုံးပြုသွားမည်ဖြစ်သည်။ ၎င်းကာကွယ်ဆေးသည် ကလေးငယ်များကို ထိုးနှံရာတွင် အစွမ်းထက် ထိရောက်မှုရှိခြင်းကြောင့် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများက ယနေ့ အစည်းအဝေးတွင် အဆိုပါကာကွယ်ဆေးကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံအတွင်းရှိ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား မတ်လ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ဂျပန်အစိုးရသည် နိုင်ငံအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ရှိသူများအား Pfizer နှင့် Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရန် အတည်ပြုသတ်မှတ်ထားပြီးဖြစ်သည်။ အဆိုပါ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ရရှိလာမည့်အကျိုးနှင့် ပတ်သက်၍ မိဘအုပ်ထိန်းသူများအား သိသင့်သည့်အချက်အလက်များကို ဝေမျှပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.