ပြင်သစ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်စတင်အသုံးပြုမည်

ပါရီ ဇန်နဝါရီ ၂

ပြင်သစ်နိုင်ငံတွင် အများပြည်သူဆိုင်ရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း လက်မှတ်ပြသရမည့်ဥပဒေမှာ ဇန်နဝါရီ ၂၄ ရက်မှစတင်၍ အသက်ဝင်လာမည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် ယွန်ကားတက်စ်က ပြောကြားသည်။

“နိုင်ငံအတွင်း လက်ရှိချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို တဖြည်းဖြည်းချင်း ရုပ်သိမ်းသွားမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ လုပ်သားများအား သီတင်းတစ်ပတ်လျှင် သုံးရက် မိမိနေအိမ်မှ အလုပ်လုပ်ခွင့်ပြုသည့် စနစ်ကိုလည်း ဖေဖော်ဝါရီ ၂ ရက်မှစ၍ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သောရက်များအတွင်းက နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လေးသိန်းကျော်ရှိခဲ့သော်လည်း ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသသူအရေအတွက် ကျဆင်းခဲ့ပြီး ပါရီမြို့၌လည်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ အရေအတွက် ကျဆင်းခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံသားများသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ယွန်ကားတက်စ်က ပြောကြားသည်။

သို့ရာတွင် နိုင်ငံအတွင်း အအေးမိတုပ်ကွေး ရောဂါဖြစ်ပွားစဉ်အချိန်က ရောဂါကူးစက်ခံရသူဦးရေ ၁၀၀၀၀ နှုန်းသည် အချိန်သုံးလကြာမြင့်ခဲ့သော်လည်း အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိနေရဆဲဖြစ်သည့် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၀၀၀၀ ရှိလာရန် အချိန် ငါးရက်သာကြာမြင့်သဖြင့် ကျန်းမာရေးစည်းမျဉ်းများကို အထူးလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊

ဘာသာပြန် -စိုးသူရ

No comments

Powered by Blogger.