အိုမီခရွန်ဗီဇပြောင်းပိုင်းရပ်စ်က သီရိလင်္ကာနိုင်ငံအတွင်း ကူးစက်မှုအမြင့်မားဆုံး ဗီဇပြောင်းပိုင်းရပ်စ် ဖြစ်လာနိုင်
ကိုလံဘို ဇန်နဝါရီ ၂၂
သီရိလင်္ကာနိုင်ငံတွင် လက်ရှိအချိန်၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၀ ကျော်ရှိလာပြီး ကူးစက်မှုများ ထပ်မံမြင့်တက်လာနိုင်၍ နိုင်ငံ၏ ကူးစက်မှုအမြင့်မားဆုံး ဗီဇပြောင်းဗိုင်းရပ်စ် ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
လက်ရှိအချိန်တွင် နိုင်ငံသားများသည် မိမိတို့၏ ခရီးသွားလာမှုများကို လျှော့ချပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများအား လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများ ကပြောကြားသည်။ နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ ရုတ်တရက်မြင့်တက်လာသဖြင့် နှာခေါင်းစည်းဝတ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းတို့ကို ဆောင်ရွက်ကြရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အန်ဝါဟန်ဒါနီက ပြောကြားသည်။
နိုင်ငံအတွင်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၀၀ ထပ်မံတွေ့ရှိရပြီး ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၀ ကို အသီးသီး တွေ့ရှိရသည်။
လက်ရှိအချိန်၌ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၉၃၆၃ ဦးနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူ ၁၅၂၅၅ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ
No comments