ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဒုံးယိမ်းအကပြိုင်ပွဲ ကျင်းပ
ပိုင်ကျုံ ဇန်နဝါရီ ၂
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီက (၂၃)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်ဒုံးယိမ်းအကပြိုင်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ ဒုံးယိမ်းအကပြိုင်ပွဲတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပါဝင်ယှဉ်ပြိုင် ကပြကြမည့် ဒုံးယိမ်းအဖွဲ့များမှ နေ့သစ်ကူးကွင်း၌ နေရာယူခြင်း၊ ကရင်နေ့သစ်ကူးသီချင်းဖြင့် ကပြသီဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် (၂၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူးအထိမ်းအမှတ်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ KPF-BGF (၁၀၁၅) ဗိုလ်မှူး စောဝင်းလှိုင်စိန် က အဖွင့်အမှာစကားပြောကြားရာတွင် ရိုးရာယဉ်ကျေးမှုဓလေ့များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူမျိုးများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ကြောင်း၊ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားရန်လိုအပ်ကြောင်း၊ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စသည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဒုံးယိမ်းအကပြိုင်ပွဲတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပါဝင်ယှဉ်ပြိုင်ကပြကြသည့် ဒုံးယိမ်းအဖွဲ့ ကိုးဖွဲ့ရှိကြောင်း၊ အကောင်းဆုံး ကပြဖျော်ဖြေနိုင်ခဲ့သောအဖွဲ့များအား ဇန်နဝါရီ ၁ ရက်နေ့ ညတွင် ပြန်လည်ကပြယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)
No comments