ရေစီးရေလာကောင်းမွန်ရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 


ရန်ကုန်   ဇန်နဝါရီ   ၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ  ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၈ နာရီခွဲတွင် မင်္ဂလာတောင်ညွန့် မြို့နယ် မီးရထားရပ်ကွက် သဲဖြူချောင်းအတွင်း ရေစုကန်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ သဲဖြူချောင်းနှင့် ချောင်းအတွင်းသို့ စီးဝင်သည့် ရေနုတ်မြောင်းတို့ ဆုံရာနေရာတွင် ရေစုကန်တူးဖော်၍ ရေစီးရေလာကောင်းမွန်ရန် ဆောင်ရွက်ပေးခြင်းဖြင့် ဒီရေတက်ချိန်တွင် ရေကို ယာယီထိန်းသိမ်းထားနိုင်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ပုဇွန်တောင် မြို့နယ်အတွင်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် ပုဇွန်တောင်ချောင်းကူး သာကေတ တံတားဟောင်းရှိ စက်ဘီးလမ်းနှင့် လူသွားလမ်းပါ Linear Park တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး၍ မကြာမီဖွင့်လှစ်နိုင်ရေးအတွက် အပြီးသတ်လုပ်ငန်းများ အမြန်ဆောင်ရွက်ရန်၊ တံတားအတက်၊အဆင်း ဝဲ/ယာ တွင် အမှိုက်နှင့် မြက်ပင်ချုံနွယ်များ ရှင်းလင်း၍ မြေယာရှုခင်းများ ပြုပြင်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မွန်းတည့် ၁၂ နာရီတွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း ရန်ကုန်မြို့တော်ခန်းမအတွင်း အလျား ပေ ၇၀ ၊ အနံ ၃၃ ပေ၊ အနက် ၇ ပေရှိ ရေဂါလန် ()သိန်းဆံ့ ရေစုကန် RC Ground Tank တည်ဆောက်နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.