ရန်ကုန်မြို့၌ အများပြည်သူအနားယူအပန်းဖြေသည့်နေရာများတွင် ရောင်စုံမီးများဖြင့် အလှဆင်ထား

 


ရန်ကုန် ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီးရှိ အများပြည်သူသွားလာ လည်ပတ်အနားယူအပန်းဖြေသည့် (Public Area) များဖြစ်သည့် ပြည်သူ့ဥယျာဉ် ပြည်လမ်းရှိ အင်းလျားကန်ပေါင်ပန်းခြံ ကမ္ဘာအေးဘုရားလမ်းရှိ မြကျွန်းသာပန်းခြံ အင်းလျားကန်ပေါင်များတွင် ရောင်စုံမီးများဖြင့် အလှဆင်ထားရှိပြီး ဇန်နဝါရီ ၁ ရက်မှစ၍ ဖွင့်လှစ်ထားပြီးဖြစ်သည်။

ဒဂုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ်ဆင်ရုပ် ရေပန်း အနီးတစ်ဝိုက်တွင် I Love Yangon စာတန်းမီးအလှ၊ မီးပဒေသာများ၊ စောင်း၊ လိပ်ပြာ၊ ပိတုန်း၊ ပျား တို့ကို ပုံစံဖော်ထားသည့် 3D မီးအလှများ၊ ပန်းပင်များနှင့် ရေစိုခံဘောလုံး 2D မီးအလှများ တပ်ဆင်ထား ရှိမှုများအပါအဝင် အလှဆင်မီး ၁၁ မျိုးကို ဝင်ကြေး အခမဲ့ဖြင့်ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်းနှင့် ပြည်လမ်းအင်းလျားကန်ပေါင် ပန်းခြံနှင့် ကမ္ဘာအေးဘုရားလမ်း မြကျွန်းသာ ပန်းခြံကန်ပေါင်တို့တွင် အလားတူ မီးအလှများကို တပ်ဆင်ထားရှိပြီး အများပြည်သူစိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားသည်။

မီးအလှဆင်ထားသည့် Public Area နေရာများကို ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစော ဂျက်ကော့ထူး၊ ဥပဒေချုပ် ဦးဌေးအောင်တို့က ကြည့်ရှုစစ်ဆေးကြရာ Yangon Lighting Festival 2022 အဖွဲ့၏ အထွေထွေမန်နေဂျာ ဦးဇော်မိုးက ရှင်းလင်းတင်ပြသည်။ ဝန်ကြီးများက ရောင်စုံမီးများဖြင့် အလှဆင်ထားရှိသည့်နေရာများကို အများပြည်သူစိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး ဇန်နဝါရီ ၁ ရက်မှ၍ နေ့စဉ်ရက်ရှည်ဖွင့်လှစ် ထားရှိရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

Public Area များတွင် ပြည်သူများ အလုပ်ပိတ်ရက်ရှည် မဟုတ်သည့်နေ့များတွင် လာရောက် လည်ပတ်အပန်းဖြေသူ ယခင်ကထက် နည်းပါးသော်လည်း နေ့ကြီး၊ ရက်ကြီးနှင့် အလုပ်ပိတ်ရက် ရှည်များတွင် အပန်းဖြေအနားယူကြသည့်အပြင် နံနက်ခင်းနှင့် ညနေခင်းအချိန်များ၌ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်သူများ၊ လမ်းလျှောက်အပန်းဖြေသူများ၊ အားကစားပြုလုပ်သူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)

No comments

Powered by Blogger.