ထိုင်းနိုင်ငံထွက်(ယိုးဒယား)သရက်သီးများ ညောင်ဦး၊ ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာ

 




ညောင်ဦး  ဇန်နဝါရီ  ၃

           

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့‌ ဈေးကွက်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အမှတ်(၁) မြို့မဈေးကြီးသို့ ထိုင်းနိုင်ငံထွက် (ယိုးဒယား)သရက်သီးများ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ်ကြောင်း သရက်ချဉ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေါ်စောမြတ်မွန်ထံက သိရသည်။

           

ထိုင်းနိုင်ငံထွက် (ယိုးဒယားသရက်)ဒေသအခေါ် သရက်သီးများ တစ်နှစ်ပတ်လုံး ဝင်ရောက်လျက်ရှိရာ ယခုအခါ သရက်သီးများ များပြားစွာ ဝင်ရောက်လာကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ဒေသမျိုးရင်း သရက်ပင်များ ဖူးပွင့်ချိန်ရောက်မှ သရက်သီးဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရကာ ခြောက်ပိဿာအိတ် တစ်အိတ်လျှင် ခြောက်ထောင်ကျပ် ပေးဝယ်ရကြောင်း၊ နွေရာသီတွင် ခြောက်ပိဿာအိတ်တစ်အိတ်လျှင် ရှစ်ထောင်ကျပ်ထိပေးဝယ်၍ သရက်သီးအသစ် မပြတ်စေရန် ဝယ်ယူကာ သရက်သီးပေါက်စိတ် လုပ်ရောင်းချခဲ့ကြောင်း သိရသည်။  သရက်သီးပေါက်စိတ် တစ်ပိဿာလျှင် တစ်ထောင့်ခုနှစ်ရာကျပ်ဖြင့် ပြန်လည်ရောင်းချရကြောင်း သရက်သီးပေါက်စိတ်များအား ဆားတစ်မျိုးထဲဖြင့်သာ ရောမွှေပြီးပြန်လည်ရောင်းချကြောင်း ဒေါ်ကေသီက ရှင်းပြသည်။

           

မြန်မာ့ဒေသမျိုးရင်း သရက်များပေါ်ချိန်တွင် ပေါ်ဦးပေါ်စသာ ဈေးရရှိပြီး သရက်မျိုးစုံ လှိုင်လှိုင်ပေါ်ချိန် သရက်သီးတစ်တင်း နှစ်ထောင်ကျပ်မှ နှစ်ထောင်ငါးရာကျပ်သာ ဈေးရှိတတ် ကြောင်း၊ သရက်မျိုးစုံ လှိုင်လှိုင်ပေါ်ချိန် စဉ့်အိုးများဖြင့် လှောင်သိပ်ခြင်း၊ သစ်သားသေတ္တာများ အတွင်း ပလပ်စတစ်ခံသိပ်ခြင်း၊ ဖက်ကြမ်းဆေးလပ်ပိုများဖြင့် လှောင်သိပ်ထားကြကာ သရက်သီး အစိမ်း ရှားပါးချိန်မှစတင်၍ လှောင်သိပ်ထားသည့် သရက်ချဉ်များအား စတင်ရောင်းချရကြောင်း၊ စတင်ရောင်းချချိန်က တစ်ပိဿာတစ်ထောင့်နှစ်ရာကျပ်မှ ယခုအခါ သရက်လှောင် သရက်ချဉ် (အဟောင်း) တစ်ပိဿာ တစ်ထောင့်လေးရာကျပ်ဖြစ်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် သရက်သီးများသည် ဒေသမျိုးသရက်လောက် စားမကောင်းသော်လည်း တစ်နှစ်ပတ်လုံးသီးကာ ရောင်းချရခြင်းကြောင့် ဈေးကွက်အသာစီးရနေကြောင်း သရက်ချဉ် လုပ်ငန်းရှင်များက ရှင်းပြသည်။


ကိုထိန်၊KPD

No comments

Powered by Blogger.