ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ တင်းကျပ်မည်

 



မနီလာ ဇန်နဝါရီ ၂

 

ဖိလစ်ပိုင်နိုင်ငံအတွင်း အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် မနီလာမြို့၌ လာမည့် သီတင်းနှစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို တင်းကျပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ကာလိုနိုဂရာလတ်စ်က ယမန်နေ့တွင် ပြောကြားသည်။

 

ဖိလစ်ပိုင်နိုင်ငံ၌ လာမည့်ရက်များအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ပိုမိုများပြားလာနိုင်ကြောင်း ၎င်းက ပြောကြားသည်။ ယမန်နေ့က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၉၆၁ ဦး ထပ်မံတွေ့ရှိခဲ့သည်။

 

လူဦးရေ ၁၃ သန်းကျော်နေထိုင်သော မနီလာမြို့၌ ဇန်နဝါရီ ၃ ရက်မှ ၁၅ ရက် အထိ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာ ရေးသတိပေးချက်အဆင့်(၃)ကို ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင် နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိပေးချက်၌ အဆင့်(၅)ဆင့် ပါဝင်ပြီး အဆင့်(၃)၌ လူကိုယ်တိုင်တက်ရောက် သင်ကြားသော စာသင်ခန်းများ ပိတ်ခြင်း၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ကာစီနိုကစားဝိုင်းများ ပိတ်ပင်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ထို့ပြင် လူမှုရေးဆိုင်ရာ အခမ်းအနားများ၊ ကမ္ဘာလှည့်ခရီးသည်များ အပန်းဖြေနေရာများ၊ အပန်းဖြေဥယျာဉ်များ၊ စားသောက်ဆိုင်၌ ဆိုင်ထိုင်စားသောက် ခြင်းနှင့် အားကစားလေ့ကျင့်ရေးခန်းမများ၌ လာရောက်မည့်လူအရေအတွက် ကန့်သတ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရ သူ ၁၀ ဦးအထိရှိလာကြောင်း သိရသည်။

 

နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂ ဒသမ ၈၄ သန်း ကျော်ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၅၁၅၀၄ ဦးရှိသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ လူအစုလိုက် အပြုံလိုက် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဖရန်စစ်ဒူကူးက ပြောကြားသည်။

 

ကိုးကား-ဗန်ကောက်ပို့စ်

ဘာသာပြန်-စိုးသူရ

No comments

Powered by Blogger.