တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ
နေပြည်တော် ဇန်နဝါရီ ၂၂
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဉီး၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဉီးချစ်နိုင်၊ ဉီးကိုကို၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာ သက်သက်ခိုင်၊ ဉီးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဉီး က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဉီးဇော်အေးမောင် က ယခင် အပတ်အစည်းအဝေး အမှတ်စဉ်(၁၈/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသော အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ က ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာသော အမှာစာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြရန် သို့မဟုတ် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်တို့ကို အတည်ပြုပေး သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဇော်ဝင်း က ကော်မတီ၏ ၁၆/ ၂၀၂၁ အစည်း အဝေးတွင် တင်ပြဆွေးနွေးချက်ဖြစ်သော သဘာဝဘေးအန္တရာယ် မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီး စီးဝင်ခြင်းမရှိစေရန် မိုးကြိုးလွှဲများ တပ်ဆင်ထားခြင်းမရှိသော ကျောင်းများတွင် မိုးကြိုးလွှဲများ တပ်ဆင်ထားရှိရန်နှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်း လင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် စောဒန်နီယယ် ၊ ပြည်ထောင်စုဝန်ကြီး ဉီးကိုကို၊ ဒေါက်တာသက်သက်ခိုင်၊ ဉီးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဉီး က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
(သတင်းစဉ်)
No comments