အခြားနည်းအသုံးပြုခွင့်ရရှိထားသည့် မြေများ၌ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသူများကို စနစ်တကျ စိစစ်သွားကြရမည်ဖြစ်
ပဲခူး ဇန်နဝါရီ ၃
လယ်ယာမြေမှအပ ဥယျာဉ်ခြံမြေများ၊ ကိုင်းမြေများ၊ ယာမြေများနှင့် အခြားမြေများအား အခြား နည်းအသုံးပြုခွင့် လျှောက်ထားမှုများအပေါ် မိမိတို့အစိုးရအဖွဲ့က ဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြု ချထားပေးရာတွင် စိုက်ပျိုးနိုင်သောမြေဧရိယာများ လျော့နည်းမှုမရှိစေရေး အနည်းဆုံးဧရိယာကိုသာ ခွင့်ပြု ချထားပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြားနည်းအသုံးပြုခွင့်ရရှိထားသည့် မြေများ၌ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသူများကို စနစ်တကျ စိစစ်သွားကြရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ Town Plan ရေးဆွဲရာတွင် တစ်ပါတည်းထည့်သွင်းရေးဆွဲသတ်မှတ်ထားရန်နှင့် အဆိုပါဧရိယာအတွင်း၌သာ စက်မှုလုပ်ငန်းများ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ သစ်တောမြေ များအတွင်း ကျူးကျော်မှုများ မရှိစေရေးအလေးထား ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လယ်မြေများပေါ် ခွင့်ပြုချက်မရှိဘဲ ကြိုတင်ဆောင်ရွက်ထားသည့် မည့်သည့်လုပ်ငန်းကိုမျှ ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း ကို ရပ်ကွက်နှင့် ကျေးရွာများအထိ သိရှိစေရေး ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ရရှိနိုင်ရေး အခြားနည်းခွင့်ပြုမိန့်များကို သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စက်မှုစီးပွားဂရန်လျှောက်ထားထုတ်ပေးနိုင်စေရေး ဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာနမှူးက တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြလျှောက်ထားလာသည့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် အမှုတွဲ(၁၅)တွဲနှင့် အယူခံမှု(၃)တွဲတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက အကြံပြု ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments