တာချီလိတ်ခရိုင်အတွင်းရှိ ကျေးရွာ ၁၈ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု ၄၀ ရာခိုင်နှုန်းပြီးစီး




တာချီလိတ်   ဇန်နဝါရီ   

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့် မြို့နယ် သုံးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၄၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။


တာချီလိတ်ခရိုင်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ခရိုင်အတွင်းရှိ တာချီတ်လိတ်မြို့နယ်မှ ကျေးရွာ ရှစ်ရွာ၊ မိုင်းဖြတ်မြို့နယ်မှ ကျေးရွာ ငါးရွာ၊ မိုင်းယောင်းမြို့နယ်မှ ကျေးရွာ ငါးရွာ စုစုပေါင်း ကျေးရွာ ၁၈ ရွာတွင် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၁၂ ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း နှစ်ခု၊ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းလေးခုစုစုပေါင်းလုပ်ငန်း ၁၈ ခုကို စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် သန်း ၁၈၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၉၂ ဒသမ ၁ သန်းဖြင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပြီး အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်း အားလုံး ၄၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး၏ ပြောပြချက်အရ သိရသည်။


ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို LIFT Fund နည်းပညာ အကူအညီနဲ့ စတင်ဆောင်ရွက်ခဲ့တာပါ။ အခုစီမံကိန်းကနေ ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေပါဝင်တဲ့ ဦးစားပေးအလိုက် လုပ်ငန်းစီမံချက်တွေ ရရှိအောင် ကျေးရွာသူကျေးရွာသားတွေ ကိုယ်တိုင်ရေးဆွဲနိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့တော့ စီမံချက်ပါ ဦးစာပေးလုပ်ငန်းကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စတင်ဆောင်ရွက်ပေးပါတယ်။ စီမံချက်မှာ ပါဝင်တဲ့ ကျန်လုပ်ငန်းတွေကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အခြားဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ အလွယ်တကူဆောင်ရွက်နိုင်မှာဖြစ်တယ်ဟု ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ဆက်လက်ပြောသည်။


သန်းလွင်(မကွေး)

No comments

Powered by Blogger.