ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့ ပြင်ဆင်
ရန်ကုန် ဇန်နဝါရီ ၃
မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့သည်
၂၀၂၂ ခုနှစ် မေလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ
အတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာဘိလိယက်အဖွဲ့သည် ၂၀၂၁
နှစ်လယ်ပိုင်းကတည်းက စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် ကစားသမား
ခုနစ်ဦး ရွေးချယ်ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာ ဘိလိယက်အဖွဲ့အနေဖြင့် ၂၀၁၉
ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့သော်လည်း
ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ လေ့ကျင့်မှုပြည့်ဝနေစေရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန်
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိပြီး ဘိလိယက်၊ စနူကာနှင့်
Pool ကစားသမားများ ပါဝင်လျက်ရှိသည်။ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် ဘိလိယက် အားကစားနည်း၌
ပြိုင်ပွဲအမျိုးအစား ၁၀ မျိုး ပါဝင်မည်ဖြစ်သော်လည်း မြန်မာဘိလိယက်အဖွဲ့ အနေဖြင့် ပြိုင်ပွဲ
ခြောက်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာဘိလိယက်အဖွဲ့အနေဖြင့် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၊
ဘိလိယက် နှစ်ယောက်တွဲပြိုင်ပွဲ၊ စနူကာ တစ်ဦးချင်းပြိုင်ပွဲ၊ စနူကာ 6 Red တစ်ဦးချင်းပြိုင်ပွဲ၊
Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲနှင့် Pool 10 Ball တစ်ဦးချင်းပြိုင်ပွဲတို့တွင် ဝင်ရောက်
ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာဘိလိယက်အဖွဲ့သည် နောက်ဆုံးကျင်းပခဲ့သည့်
၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့များအနက် အအောင်မြင်ဆုံး ဖြစ်ခဲ့ပြီး
ရွှေ နှစ်ခု၊ ငွေ တစ်ခု၊ ကြေး သုံးခု ဆွတ်ခူးရရှိခဲ့သည်။
ရဲရင့်လွင်
ဓာတ်ပုံ-လင်းလွန်းအိမ်
No comments