နိုင်ဂျီးရီးယားကို အနိုင်ယူပြီး အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်သို့ တူနီးရှားအသင်း တက်လှမ်း
အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ
၁၆ သင်းအဆင့်မှ နိုင်ဂျီးရီးယားအသင်းနှင့် တူနီးရှားအသင်းတို့ ပွဲစဉ်ကို ဇန်နဝါရီ ၂၄
ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ တူနီးရှားအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး
ကွာတားဖိုင်နယ် သို့ တက်ရောက်နိုင်ခဲ့သည်။
နိုင်ဂျီးရီးယားအသင်းသည်
အုပ်စုအဆင့်တွင် သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ကိုးမှတ်နှင့်အတူ အုပ်စုပထမဖြင့် ၁၆
သင်းအဆင့်သို့ တက်လှမ်းလာနိုင်ခြင်းဖြစ်ပြီး ပြိုင်ဘက် တူနီးရှားအသင်းက အကောင်းဆုံးအုပ်စု
တတိယဖြင့် ၁၆ သင်းအဆင့်သို့ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။
ယခုပွဲစဉ်တွင် နိုင်ဂျီးရီးယားအသင်းရော
တူနီးရှားအသင်းပါ နောက်တစ်ဆင့်တက်ရောက်နိုင်ရေး အတွက် အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့သည်။
ပထမပိုင်းပွဲချိန်တွင် ဂိုးမရှိ သရေဖြင့် အဆုံးသတ်ခဲ့သည်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး
မကြာမီ တူနီးရှားအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒရာဂါ၏ ဖန်တီးမှုမှ အမ်ဆတ်နီက သွင်းယူပေးခဲ့သည်။
ထို့နောက်တွင် နိုင်ဂျီးရီးယားအသင်း
လူစားလဲမှုများပြုလုပ်ကာ ချေပဂိုးရရှိရေးကြိုးစားလာသော်လည်း ချေပဂိုးနှင့် ဝေးကွာခဲ့ရသည်။
ထို့အပြင် နိုင်ဂျီးရီးယားအသင်းမှ လူစားဝင်ကစားသမားဖြစ်သူ အီယိုဘီကို ပွဲချိန် ၆၆ မိနစ်တွင်
တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။
အခြားသောပွဲစဉ်တွင် ဘာကီနာဖာဆိုအသင်းနှင့်
ဂါဘွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကာ သာမန်ပွဲ ကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေ၍
ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရသည်။ ပယ်နယ်တီ တွင် ဘာကီနာဖာဆိုအသင်းက ခုနစ်ဂိုး-ခြောက်ဂိုးဖြင့်
ဂါဘွန်အသင်းကို အနိုင်ရရှိကာ နောက်တစ်ဆင့် သို့ တက်ရောက်နိုင်ခဲ့သည်။
အောင်ဇော်
No comments