တရားမဝင် သစ်မျိုးစုံ၊ စားသုံးဆီနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ



နေပြည်တော်၊ မေ ၂၈


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်မှန်လုံယာဉ်(၁)စီးပေါ်၌ ခရီးသည်ဝန်စည်များနှင့်အတူ ရောနှော တင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ စားသုံးဆီ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၁၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ မန္တလေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး(၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်ခွဲသား၊ ကျွန်းသစ်ခွဲသား(ပါကေး)နှင့် ပိတောက်သစ်ခွဲသား(၁ ဒသမ ၈၁၄၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ,၈၁၄,၈၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသော မော်တော်ယာဉ် (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၈၁၄,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့အတူ မေ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တိုင်း‌ဒေသကြီး သစ်တောဦးစီးဌာန ဦး‌ဆောင်သော ပူးပေါင်းစစ်ဆေး‌ရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်ရှိ  ​ကျောက်မဆင်ကြိုးဝိုင်းနှင့် စိုင်းရကြိုးဝိုင်းများအတွင်း တရားမဝင် ကျွန်းသစ်ခွဲသား၊ ပျဉ်းကတိုးသစ်ခွဲသား၊ တောင်သရက် သစ်ခွဲသား၊ သစ်ပုဂံသစ်လုံး နှင့် ချဉ်ယုတ်သစ်ခွဲသား (၅ ဒသမ ၅၀၂)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၇,၁၈၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍  မေ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇,၇၇၅,၉၈၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.