ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး



နေပြည်တော် မေ ၂၈ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးလျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရဲရွာ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများ က  ကဏ္ဍအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရဲရွာရေအားလျှပ်စစ်စက်ရုံသည် မိမိတို့နိုင်ငံတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု၌ အကြီးဆုံးနှင့် အားအထားရဆုံးတမံကြီးဖြစ်သည့်အလျောက် ပြည်သူများ လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် စုဆောင်းထားရှိသည့် ရေများကိုအကျိုးရှိစွာ အသုံးပြု၍ စက်စွမ်းအားပြည့်မောင်းနှင်လည်ပတ်၍ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ စက်ရုံရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ ကြံ့ခိုင်ရေးပုံမှန် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်နှင့် မိမိတို့ကျရာအခန်းကဏ္ဍမှ တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေး စက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူး ပေးနေမှုနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက် အအုံ၊ ရေပိုလွှဲနှင့် တမံ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ လက်ရှိဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်း မွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင် အဆင့်လျှပ်စစ် မန်နေဂျာ/ လျှပ်စစ်အင်ဂျင်နီယာများနှင့် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

           

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီဖြန့်ဖြူး ပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ ထို့အပြင် သုံးစွဲခဲ့သည့် ဓာတ်အားခကျသင့်ငွေများ အပြည့်အဝကောက်ခံရရှိစေရေး ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေး တာဝန်ခံများမှ အောက်ခြေအထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ် ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း လုံခြုံရေးပြည့်ပြည့်ဝဝဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယခုအခါ ပြည်သူတို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တက်နိုင်သမျှဝန်အားလျှော့ချခြင်းမပြုဘဲ ပြည့်မီအောင်ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက် သွားကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများကို ဂုဏ်ပြုထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

         

No comments

Powered by Blogger.