ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဖားဆောင်းမြို့နယ် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
လွိုင်ကော် မေ ၂၉
ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေ ၂၆ ရက်တွင် ဖားဆောင်းမြို့နယ်သို့ သွားရောက်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖားဆောင်းမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ ဖားစည်သံလွင်ခန်းမသို့ ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက ကယားပြည်နယ် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဖားဆောင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် မြို့ဖြစ်ပြီး မြို့နယ်၏ အဓိကသီးနှံများဖြစ်သော စပါး၊ နှမ်းနှင့် နေကြာများကို မူလရည်မှန်းထားသည့် သတ်မှတ်စိုက်ဧကများ ပြည့်မှီကျော်လွန်အောင် စိုက်ပျိုးရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ ဖားဆောင်းမြို့နယ် ဆေးရုံတွင် ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးများ ပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြည့်အဝ ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်ကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာဖြင့် စာပေသင်ယူနိုင်ရေးအတွက် ဆရာ၊ မိဘနှင့် ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများသည် အရေးကြီးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သဖြင့် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘောလခဲခရိုင်အတွင်းရှိ မယ်စဲ့မြို့နယ်ကိုလည်း ခရိုင်အဆင့် တိုးချဲ့သတ်မှတ်ပြီး ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကိုလည်း တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လွိုင်ကော်မြို့နယ်တွင် လျှပ်စစ်မီး ၂၄ နာရီပုံမှန် ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီး ဖားဆောင်းမြို့နယ်တွင်လည်း လျှပ်စစ်မီး ပုံမှန်ရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ဘဏ်စနစ်လုံခြုံရေးနှင့် စနစ်တကျ လည်ပတ်နိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် ဒေသအကျိုးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုများပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖားဆောင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားကုန်များ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ဖားဆောင်းမြို့နယ် ဓမ္မသိဒ္ဓိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဘဒ္ဒန္တအာဒိစ္စ (သဒ္ဓမ္မဇောတိကဓဇ) ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ဖားဆောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ မြို့နယ်ကုသရေးဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ဆေးရုံကြီးရှိ ဆေးသိုလှောင်ရုံတွင် ဆေးဝါးများ စနစ်တကျ ထားသိုထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ မြို့နယ်ဆေးရုံတွင် ပြည်သူများဆေးကုသရာ၌ ဆေးဝါးများ မပြတ်လပ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် လူနာများကို အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ဖားဆောင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ် လက်ခံနေမှုများအား ကြည့်ရှုအားပေးပြီး ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာများ၊ စာအုပ်များကိုလည်းကောင်း၊ ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများနှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဖားဆောင်းမြို့နယ် မြို့မရဲစခန်းအား သွားရောက်စစ်ဆေးပြီး မြို့နယ်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments