ကျိုက်မရောတွင် ရာသီစာ ကျွဲကောသီးများ စတင်ထွက်ရှိ၍ စျေးကောင်းရရန်မျှော်လင့်
ကျိုက်မရော မေ ၂၉
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့အတွင်းရှိ ကျွဲကောခြံများတွင် ရာသီစာသီးနှံဖြစ်သည့် မိုးကျွဲကောသီးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိရန် ကျွဲကောသီးစီးပွားဖြစ် စိုက်ပျိုးသူများ မျှော်လင့်လျက်ရှိနေကြကြောင်း သိရသည်။
ယခုလိုမိုးဦးကျရာသီတွင် မော်လမြိုင်ကျွဲကောသီးထက် အထွက်စောသည့် ကျိုက်မရောဒေသရှိ နတ်စမ်းကျွဲကောသီးများကို စားသုံးသူများက ပိုမိုကြိုက်နှစ်သက်ကြပြီး အဝယ်လိုက်ကြောင်း၊ နတ်စမ်းကျွဲကောမျိုးက ယိုးဒယားကိုင်းဆက်မျိုးဖြစ်ကာ အရောင်တွေက ပန်းရောင်မျိုးနှင့် အဖြူမျိုးဆိုပြီး နှစ်မျိုးရှိကြောင်း၊ ပန်းရောင်မျိုးထက် အဖြူမျိုးက အချိုစူး၍ အရည်လည်းရွှမ်းသဖြင့် လူကြိုက်ပိုများကာ အခြားသောမြို့များသို့ တင်ပို့ရောင်းချရာ၌ စျေးပိုရကာ အရောင်းသွက်ကြောင်း၊ ကျွဲကောသီးတစ်လုံးလျှင် ယခုလိုပေါ်ကာစ၌ ကျပ် ၃၀၀၀ မှ ၄၀၀၀ ကျပ်ထိရောင်းရကြောင်း ကျွဲကောသီး စီးပွားဖြစ်စိုက်ပျိုးသူ ဒေါ်ရှမ်းမထံမှ သိရသည်။
နယုန်လတွင် ကျွဲကောသီးများ လှိုင်လှိုင်ထွက်ရှိပြီး အမှည့်မှန်ခြင်းကြောင့် အပိုဝင်ငွေရရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)
No comments