တမူးမြို့နယ်အတွင်း ကျေးရွာငါးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်
တမူး မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၅၀၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကြူကြူခိုင်ထံမှ သိရသည်။
တမူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် အင်းဒိုင်း၊ အလှော်၊ မင်းသမီး၊ မလူ၊ ဇီးဖြူကုန်း စသည့် ကျေးရွာငါးရွာတွင် စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၅၀၀၊ ကျေးရွာနေ ပြည်သူတွေရဲ့ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေရရှိရေး လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ ကော်မတီဖွဲ့စည်းခြင်းများ၊ သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်က ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါ စီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုလှိုင်(ကျေးလက်)
No comments