တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၌ပြုလုပ်သည့် ကျောင်းအပ်နှံရေးအခမ်းအနား တက်ရောက်
ပုသိမ် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမ၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ အခမ်းအနားအား ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် လူသားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအပေါ် မူတည်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးကဏ္ဍ မြင့်မားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ယခုပညာသင်နှစ်တွင် ကျောင်းသုံးပြဌာန်းစာအုပ်နှင့် စာရေးကရိယာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအပြင် မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများအား အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် အခြေခံပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ စေတနာရှင်များအားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ကျောင်းအပ်နှံရေး လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှု အခြေအနေများနှင့် စာသင်ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများအား ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှု အခြေအနေများနှင့် စာသင်ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
No comments