ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် လျှပ်စစ်မီးဖွင့်ပွဲများအား တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ငါးသိုင်းချောင်း မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ကွင်းလျားကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာအုပ်စုတို့ရှိ ကျေးရွာလေးရွာတို့တွင် မေ ၂၈ ရက် နံနက် ၁၁ နာရီခွဲက လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ သံယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌများက မင်္ဂလာအချိန်၌ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လျှပ်စစ်မီးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ဆိုင်းဘုတ်အား အောင်သပြေခက်ဖြင့် အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝန်ကြီးများလိုက်ပါလျက် ကွင်းလျားကျေးရွာအတွင်း လျှပ်စစ်မီးရရှိနေသော ဒေသခံပြည်သူများ၏ နေအိမ်များတွင် လျှပ်စစ်မီးလင်းနေသည်များအား လိုက်လံကြည့်ရှုပြီး အားပေးခဲ့သည်။
ကွင်းလျားကျေးရွာအုပ်စုနှင့် ကမ်းနီကျေးရွာအုပ်စုအတွင်းရှိ အိုင်ဇောက်ကျေးရွာ၊ ဆားတော်ကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ လေးဆယ်ကျော်ကျေးရွာ၊ ငါးရာကျော်ကျေးရွာ၊ ကွင်းပေါက်ကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ရေကျော်ကျေးရွာ၊ ကမ်းနီကျေးရွာ၊ ကျုံတုံးကျေးရွာ၊ အလယ်စုကျေးရွာ စုစုပေါင်းကျေးရွာ (၁၁)ရွာတို့တွင် အိမ်ခြေ(၂၆၂)အိမ် လျှပ်စစ်မီးလင်းနေပြီဖြစ်ကြောင်းနှင့် လျှပ်စစ်မီးဖွင့်ပွဲကို ကျေးရွာလေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကွင်းလျားကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဝန်းအတွင်းရှိ ခရေဆောင်၊ ကမ်းနီကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း ဝန်းအတွင်းရှိ ရွှေရတနာဆောင်တို့တွင် ကျောင်းအုပ်ကြီးများ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနီတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် လူနာများအား ကျန်မာရေးအခြေအနေများ မေးမြန်းကာ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တို့ကနွားရေတိုက်ကျေးရွာအုပ်စု နွားရေတိုက်ကျေးရွာ တောင်သူ ဦးမြင့်ရွှေ၏ ကွင်းအမှတ်(၈၃၃) ဦးပိုင်အမှတ် ၅၀/၆ ရှိ လယ်ယာမြေ ၅ ဧက၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား ကိုယ်တိုင်ကြဲပက်ပေးခဲ့ပြီး (ပိုက်ဆံလျှော်) မျိုးစေ့အိတ်(၁၀)အိတ်ကို တောင်သူများထံ အခမဲ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆန်းတင့်(ရေကြည်)
No comments