ပြည်ထောင်စုအကျိုးကို ရှေးရှုဖော်ဆောင်



ငြိမ်းချမ်းရေးသည် နိုင်ငံအတွက် အရေးအကြီးဆုံးကိစ္စဖြစ်ပြီး တိုင်းရင်းသား ပြည်သူအားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခု ပြုလုပ်နေသည်။


ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA(PC)မှ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးရာတွင် “တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်း၌ တိုင်းရင်းသားလူမျိုးတစ်ခုတည်းသာ သီးသန့်နေထိုင်သည်မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံ အတူတကွ ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စုအကျိုး ကိုကြည့်၍ ဆောင်ရွက်သွားမည့်အခြေအနေ၊ ငြိမ်းချမ်းရေးရရှိမှသာလျှင် နိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building)ကို ပိုမိုသွက်လက်စွာ ဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် မိမိတိုင်းရင်းသား၊ မိမိပြည်နယ်နှင့် မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစား ဆောင်ရွက်ရန်လိုသည့် အခြေအနေ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် အဓိက လိုအပ်သည့်အတွက် တစ်နိုင်ငံလုံးတိုင်းရင်းသားဒေသများပါမကျန် ပညာရေးမြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပြည်သူလူထု ဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဆွေးနွေးပြောကြားချက်များသည် ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားပြည်သူ အားလုံး၏ အနာဂတ်အကျိုးစီးပွားအတွက် ပကတိလိုအပ်ချက်များကိုသာ မြော်တွေးကာ ရှင်းလင်း ပြောကြားသွားခြင်း ဖြစ်သည်။ ပြည်ထောင်စုအတွင်း တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင် ကြသဖြင့် ပြည်ထောင်စုအရေးသည် အရေးအကြီးဆုံးဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းရေးကို ရှေးရှု အဖြေရှာပြီး တူညီမှုများပေါင်းစပ်၍ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ဒေသ၊ မိမိတို့လူမျိုးအတွက်လည်း အကျိုးရှိ၊ တိုင်းရင်းသားပြည်သူအားလုံးအတွက်လည်း အကျိုးစီးပွား ဖြစ်ထွန်းစေရေးကို ဦးစားပေးကြရပေမည်။

ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်ကြသူအများစုမှာ ဗမာလူမျိုးများဖြစ်သော် လည်း အခြားတိုင်းရင်းသားလူမျိုးများလည်း စုပေါင်းနေထိုင်ကြသည်။ ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးများ အများစုနေထိုင်ကြသော်လည်း အခြားတိုင်းရင်းသားလူမျိုးများလည်း အတူလက်တွဲ နေထိုင်ကြသည်။ မတူကွဲပြားသော လူမျိုးများ၊ မတူကွဲပြားသည့် ကိုးကွယ်ယုံကြည်မှုများရှိကြ သော်လည်း တစ်ဦးနှင့်တစ်ဦး ရန်မုန်းမပွားဘဲ ချစ်ချစ်ခင်ခင် အတူပူးပေါင်းလက်တွဲနေထိုင် ကြသည်ကိုတွေ့ရမည်ဖြစ်သည်။ အချို့ဒေသများတွင် တူရာများစုပေါင်း နေထိုင်ကြသော်လည်း မတူကွဲပြားသူများနှင့်လည်း သင့်မြတ်စွာနေထိုင်ကြသည်။ သို့ပါကြောင့်လည်း ပဋိပက္ခများမရှိဘဲ တစ်ဦးအပေါ်တစ်ဦး နားလည်သည်းခံမှုများဖြင့် နေထိုင်ကြသဖြင့် အေးချမ်းသာယာသော အသိုက်အမြုံအဖြစ် ဖန်တီးနိုင်ကြသည်။


မတူကွဲပြားသူများကြားတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများသည်လည်း ဤသို့ပင် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ သည်းခံမှု၊ အပေးအယူရှိမှု၊ မျှတမှုများပေါင်းစုပြီး လက်တွဲဆောင်ရွက်ကြပါက ပဋိပက္ခဟူသည် ရှိလာတော့မည်မဟုတ်ဘဲ အေးချမ်းသာယာဝ ပြောသည့် ထာဝရငြိမ်းချမ်းသော လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ဒေသတစ်ခုတွင် မိမိတို့ တစ်ဦးတည်းသာမဟုတ်၊ ပြည်ထောင်စုကြီးအတွင်းတွင် လူမျိုးစုတစ်ခု၊ နှစ်ခုတည်းသာမဟုတ် မတူကွဲပြားသူများအားလုံး စုပေါင်းနေထိုင်ကြသည်ဟူသည့် အသိဖြင့် တိုင်းရင်းသားပြည်သူများ အားလုံး၏အကျိုးစီးပွားကို ရှေးရှုလိုက်မည်ဆိုပါလျှင် ထာဝရငြိမ်းချမ်း ရေးသည် အလှမ်းမဝေးဘဲ မနှေးအမြန် ရောက်ရှိလာမည်ဖြစ်သည်။


ထိုအခါ မိမိဒေသ၊ မိမိလူမျိုးအကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်၍ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ မိမိတို့၏ ယုံကြည်ချက်၊ ခံယူချက်၊ မာန်မာနများကြောင့် လက်နက် ကိုင်ပဋိပက္ခများ ရှည်ကြာနေသဖြင့် တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲရောက်နေသည်မှာ ကြာနေပြီဖြစ်သည်။ တိုင်းရင်းသားပြည်သူများ အကျိုးစီးပွား၊ ပြည်ထောင်စုကြီးအကျိုးစီးပွားတို့ကို ရှေးရှုလိုက်သည်နှင့် ငြိမ်းချမ်းရေးခရီးသည် နီးစပ်သွားမည်ဖြစ်သည်။


သို့ဖြစ်ရာ ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကိုရှေးရှု၍ ထာဝရ ငြိမ်းချမ်းရေးကို မရမနေဆောင်ရွက်ပြီး တိုးတက်သည့်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်နိုင်လျှင် တိုင်းရင်းသား ပြည်သူအားလုံး မျှော်မှန်းထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း။    ။

ကြေးမုံအယ်ဒီတာ့အာဘော်

No comments

Powered by Blogger.